စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ရွာသာကျေးရွာမှ ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား အလစ်ဝင်တိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း Black Wolf PDF အဖွဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့(ဇန်နဝါရီ ၇ရက်) မွန်းလွဲ ၂ နာရီခွဲခန့်က ရွာသာကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများ ကင်းလှည့်ထွက်လာကြောင်း သတင်းရ၍ ရွှေဘိုမြို့တိုက်နယ် (၅) ပကဖနှင့် ပူးပေါင်းကာ အလစ်အငိုက် အနီးကပ်တိုက်ခိုက်ခဲ့ကြောင်း Black Wolf PDF အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးသည်ဟု ဆိုသည်။ စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားပြီးနောက် ကျည်မလုံလောက်မှု၊ စစ်ကောင်စီတပ်၏ အင်အားအများအပြားဖြင့် ဝိုင်းပစ်ခတ်မှုကြောင့် သေဆုံးစစ်ကောင်စီတပ်သားများထံမှ လက်နက်ကောက်ယူနိုင်ခဲ့ခြင်း မရှိကြောင်း Black Wolf PDF အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
“သူတို့ဘက်က ၁၃ဦးပါတယ်။ ကျန်တဲ့စစ်သားတွေက သေတဲ့စစ်သားတွေဆွဲပြီး တရစပ်ပစ်သွားတယ်။”ဟု အထက်ပါ တာဝန်ခံက ပြောသည်။
သို့သော် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Black Wolf PDF က အသိပေးသည်။
ရွှေဘိုမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်ကလည်း ပလိုင်းကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူများအား လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့နှင့် PDFများက နှစ်ကြိမ် တိုက်ခိုက်ခဲ့သေးသည်။


















































