စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ကို မီးပတ်ရှို့နေသော စစ်ကောင်စီတပ်က ခင်ဦးမြို့နယ်အနောက်ခြမ်းသို့ ကူးလာ၍ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ ၁၅ ရက်) ညပိုင်းက ရေဦးမြို့နယ်၊ မန်ကျည်းတောကျေးရွာ တောင်ဘုန်းကြီးကျောင်း ညအိပ်ခဲ့သော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ (ဇန်နဝါရီ၁၆ ရက်) နံနက်ပိုင်းတွင် မူးမြစ်ကူးတံတားမှ အရှေ့ဘက် ခင်ဦးမြို့နယ် အနောက်ခြမ်းဘက်သို့ ကူးလာခဲ့သည်။

ထို့နောက် ပျူစောထီးကြီးစိုးရာ ရွာသစ်ကုန်းကျေးရွာမှ အနောက်ဘက် အင်တိုင်းလေးမြောက်ကျေးရွာအနီးရောက်ရှိကာ လက်နက်ငယ်များ အဆက်မပြတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလကုန် နှင့် ဇန်နဝါရီလဆန်းက ခင်ဦးနယ် အလယ်ရှိုကျေးရွာမှ ဒေသခံ ပြည်သူ၈ဦးအား သတ်ဖြတ်ပြီး အိမ်ခြေ ၁၀၀နီးပါး မီးရှို့ဖျက်ဆီးသွားခဲ့သည်။

Public Service Announcement

“ပျဥ်ထောင်ပျူရွာဘက်ကနေလည်း လှည်း၅စီးနဲ့ ရေဦး-ခင်ဦးလမ်း လမ်းပိုင်းဘက်တက်လာတယ်။ ပြည်သူတွေ မြေပြင်သတင်းယူပြီး တိမ်းရှောင်ပေးကြပါ။”ဟု Khin U Special force Organization_KSO အဖွဲ့က အသိပေးသည်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း (၅၉)ရွာမှ နေအိမ် ၂,၅၀၀ကျော်အား မီးရှို့ဖျက်ဆီးထားပြီး ပြည်သူ့ ရဲဘော်နှင့် ဒေသခံပြည်သူ ၂၅၀ဦး အား အကြမ်းဖက်သတ်ဖြတ်ထားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
