မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုး ပစ်ခတ်မီးရှို့နေ၍ ကျေးရွာအများအပြားမှ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရသည်။
ယမန်နေ့ (ဇန်နဝါရီ ၂၂ရက်) နံနက် ၇နာရီခန့်က အင်အား ၈၀ခန့်ပါ စစ်ကောင်စီတပ်သည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပေါက်မြို့အနီး ကျသိုက်ကျေးရွာဘက်မှ ရွာစဥ်တလျှောက် စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း Pauk Newsletter Page၏ သတင်းပြန်ကြားရေးတာဝန်ခံ Salaiက ပြောသည်။


ယနေ့ (ဇန်နဝါရီ ၂၃ ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါက်မြို့နယ် တောင်ပိုင်းရှိ သီးခြောက်ကျေးရွာကို ထပ်မံမီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

“သီးခြောက်ကျေးရွာက မနှစ်ကလည်း မီးရှို့ဖျက် ဆီးခံထားရတာပါ”ဟု Pauk Newsletter Page၏ သတင်းပြန်ကြားရေးတာဝန်ခံ Salai က ပြောသည်။

Public Service Announcement




ပေါက်မြို့နယ်သည် အာဏာသိမ်းထားသည့်ကာလအတွင်း ၂၀၂၂ ဒီဇင်ဘာအထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ပေါင်း၂,၉၈၄လုံး မီးလောင်ပျက်စီးခဲ့ပြီး တစ်နိုင်ငံလုံးရှိ မီးရှို့ဖျက်ဆီးခံရသည့် ရွာများအနက် တတိယအများဆုံးနေရာတွင် တည်ရှိနေသည်။
ထို့အပြင် ဇန်နဝါရီ ၁၈ရက်ကလည်း ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့ရာ ရဲတစ် ဦးသေဆုံးခဲ့သည်။


















































