ယမန်နေ့တိုက်ပွဲချင်းတပ်ဖွဲ့မှ နှစ်ဦးကျ၊ ဒဏ်ရာရသူအချို့ရှိ၊ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၃၀ကျော်ပြုလုပ်
ချင်းပြည်နယ် ထန်တလန်မြို့ ၌ စစ်ကောင်စီ တပ်ကုန်း လုံခြုံရေးအတွက် စစ်ကောင်စီတပ်က အင်အားနှင့် လက်နက်ခဲယမ်း ဖြည့်တင်းခြင်းနှင့် လေကြောင်း တိုက်ခိုက်ခြင်းများကို ရဲစခန်း သိမ်းပိုက်ခံရသည့် ဖေဖော်ဝါရီ ၉ရက်မှစ၍ နေ့စဉ်နီးပါးပြုလုပ်နေသည်ဟု ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
CNAနှင့် ချင်းကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်သည် ထန်တလန်ရဲစခန်းနှင့် ထွေအုပ်ရုံးကို ဖေဖော်ဝါရီ ၈ရက်ညပိုင်းက တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၉ရက် နံနက်အစောပိုင်း၌ စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ လက်နက် ၄၂လက် ရရှိခဲ့သည်ဟု ဆိုသည်။


“ထန်တလန်မြို့မ ရဲစခန်းကို ဝင်စီးပြီးတဲ့နောက်ပိုင်း အခုလ ၉ရက်နေ့ကနေ စပြီးတော့ ယနေ့အထိ နေ့စဉ်ရက်ဆက်ဆိုသလို ဗုံးကြဲလေယာဉ်တွေ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ နေ့စဉ်နဲ့အမျှလာနေတာပေါ့။ အဲဒီလိုလာနေတဲ့အထဲမှာ မနေ့က ပိုပြီးတော့ ပြင်းထန်တာပေါ့။ ပြင်းထန်တယ်ဆိုတာက ဂျက်လေယာဉ် အကြိမ် ၁၀လောက် ဗုံးကြဲတယ်။ ပြီးတော့ MI-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် အဲဒါ လာဝဲပြီး ၂၁ကြိမ်လောက် လာပစ်သွားတယ်။ အဲဒီလို ပစ်တဲ့နေရာ ကျွန်တော်တို့ဘက် ရဲဘော် လေးယောက် အနည်းငယ်ဒဏ်ရာရတယ်။ ပြီးတော့ ဒေသကာကွယ်ရေးတပ်က ကျနော်တို့ ရဲဘော် နှစ်ယောက် တိုက်ပွဲကျသွားတာပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

ယမန်နေ့ တိုက်ပွဲ၌ စစ်ကောင်စီတပ်က အထိအခိုက်ကို အတည်မပြနိုင်သော်လည်း ရဟတ်ယာဉ် တစ်စီး တပ်ကုန်းသို့လာရောက်ကာ လူနာတင် သွားသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
“လေကြောင်းကို အားကိုးပြီးတိုက်တာ။ အဲဒီ ထန်တလန်မြို့ပေါ်မှာ တပ်ကုန်း တစ်နေရာတည်းပဲ ခြေကုပ်ယူထားတယ်။ တပ်စခန်း လုံခြုံရေးနဲ့ အဲဒီက ရဲဘော်တွေလုံခြုံရေး အဲဒါလည်းပါတာပေါ့။အစက ထန်တလန်မြို့ပေါ်မှာ ရဲစခန်းနဲ့ တပ်ကုန်းအပြင် ၅နေရာလောက် ခြေကုတ်ယူထားတာ။ ဒါပေမဲ့ အဲဒါ တပ်ကုန်းတစ်နေရာပဲ ကျန်တော့တာ။”ဟု ဆလိုင်းထက်နီက ပြောသည်။
ထန်တလန်မြို့ကို စစ်ကောင်စီတပ်က ၂၀၂၁ နှစ်ကုန်ပိုင်းကတည်းက မီးရှို့မှုစတင်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့များ၏ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးမှုများကြောင့် ဘုရားကျောင်းများ အပါအဝင် နေအိမ်အဆောက်အဦး ထောင်ချီမီးလောင်ပျက်စီးခဲ့သည်။
