KNU မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်(BGF) ပူးတွဲနေထိုင်သည့် တပ်စခန်းတစ်ခုကို ယနေ့နံနက်ပိုင်း၌ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)က ထုတ်ပြန်သည်။

ယနေ့ ဖေဖေါ်ဝါရီလ(၂၅)ရက် နံနက်(၆)နာရီအချိန်ခန့်တွင် ကေအဲန်ယူ-တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်(BGF) ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် Force for Federal Democracy(FFD) တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတပ်စခန်းကို မိနစ်အနည်းငယ်ကြာ ပစ်ခတ်ရုံဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးခဲ့ကြပြီး နာရီဝက်ခန့်အကြာတွင် စခန်းကိုသိမ်းပိုက်နိုင်ခဲ့ကာ ရန်သူ့အလောင်းတစ်လောင်း၊ လက်နက်နှစ်လက်နှင့် ဆက်စပ်ပစ္စည်းများ ရရှိခဲ့ကြောင်း မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း BPLA ထုတ်ပြန်ထားသည်။
