Connect with us

Hi, what are you looking for?

သတင်း

ရှားတောမြို့ စစ်ကောင်စီဗျူဟာကုန်းရိက္ခာသယ်ယာဥ် တိုက်ခိုက်ခံရပြီး ၅ဦးသေ၊ အများအပြားဒဏ်ရာရ

စစ်ကောင်စီတပ်သည် ကရင်နီနယ်ရှိ နယ်စပ်စခန်းများသို့ ရိက္ခာပို့ဆောင်ရန် ရှမ်းအခြေစိုက် တပ်များကို အသုံးပြုနေရကြောင်း၊ စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားပါက ကရင်နီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်နေမည်ဖြစ်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ယမန်နေ့တွင် ပြောကြားထားသည်။

ကရင်နီတပ်မတော်(KA)ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး စနိုက်ပါဖြင့် ပစ်ခတ်ရန်ချိန်ရွယ်နေစဥ်၊
ကရင်နီတပ်မတော်(KA)ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး စနိုက်ပါဖြင့် ပစ်ခတ်ရန်ချိန်ရွယ်နေစဥ်၊

ကရင်နီ(ကယား)ပြည်နယ် ရှားတောမြို့ရှိ စစ်ကောင်စီ ဗျူဟာကုန်းသို့ ရိက္ခာပို့ဆောင်သည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့(KMIC)က ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ရက်) နံနက်အစောပိုင်းတွင် ရှားတောမြို့၏ အရှေ့ဖက်(၉)မိုင်ခန့်အကွာရှိ သံလွင်မြစ်ကမ်းခြေ တာတမောစခန်းမှ ရှားတောမြို့ဗျူဟာကုန်းသို့ လူထုပိုင်မော်တော်ယာဉ်ငယ်များဖြင့် သယ်ဆောင်နေစဉ် ရှားတောမြို့နှင့် စလောင်းကျေးရွာအကြား ချောင်းဆုံတနေရာအရောက်၌ ကရင်နီတပ်မတော်(KA) နှင့် KNDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုမှာ ၁နာရီကြာမြင့်ခဲ့ပြီး ရိက္ခာယာဉ်တန်း၌ ပါလာသည့် စစ်ကောင်စီတပ်ဘက်မှ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။ စစ်ကောင်စီ၏ လမ်းကင်း လုံခြုံရေးက လက်နက်ကြီးဖြင့် ပစ်ကူပေး၍ ကရင်နီတပ်မတော် စစ်သည်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

“တာတမောစခန်းက မြစ်ကမ်းဘေးမှာရှိတယ်။ရှမ်းပြည်ဘက်ကနေ မြစ်ကြောင်းအတိုင်း ရိက္ခာတွေသယ်ပြီး အဲဒီကနေတဆင့် ရှားတော ဗျူဟာကုန်းကို ကားနဲ့ ပြန်သယ်တာကို သတင်းရလို့ ကြားဖြတ်တိုက်တာ။ကားတစ်စီးက လုံးလုံးပျက်စီးတယ်။ကားပေါ်ပါတဲ့ စစ်သားငါးယောက်သေတယ်”ဟု ကရင်နီတပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် လွိုင်ကော်မှရှားတောဒေသနယ်စပ်စခန်းများသို့ စစ်ရိက္ခာနှင့် လက်နက်ခဲယမ်း များပို့ဆောင်ရန် အခက်အခဲများကြုံနေရ၍ ရှမ်းပြည်ဖက်မှ သံလွင်မြစ်အတိုင်း စက်လှေငယ်များဖြင့် စုံဆင်းကာ ရှားတောမြို့နယ်၊ တာတမောစခန်းတွင် စုပုံထားရှိပြီး ယခုကဲ့သို့ ရှားတော့သို့ ထပ်ဆင့်သယ် ဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။

ရှားတောမြို့နယ်အတွင်းတွင် ဒေသကွပ်ကဲမှု စစ်ဌာနချူပ်လက်အောက်ခံ ခမရ(၄၂၈)နှင့် ရှမ်းပြည်ဘက်မှ ဆင်းလာသော ခမရ(၅၁၀)ကို ပူးပေါင်း၍ လှုပ်ရှားနေလျက်ပြီး ဖြစ်စဉ်အတွင်းတွင် ရိက္ခာယာဉ်တန်းပေါ်ပါ စစ်ကောင်စီတပ်ဖက်မှ (၅)ဦးသေဆုံးကြောင်း၊ အများအပြားဒဏ်ရာရရှိသွားကြောင်းနှင့် လမ်းကင်းလုံခြုံရေး ယူပေးသော စစ်ကောင်စီတပ်မှ (၈၁)မမ လက်နက်ကြီးကျည်များ ပစ်ကူမှုပြုသဖြင့် ကရင်နီတပ်မတော် စစ်သည်တစ်ဦး၏ ခြေသလုံးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဝေးလံခေါင်ဖျားသည့် ရှေ့တန်းတပ်စခန်းများသို့ ရိက္ခာပို့ဆောင်ရန်စီစဉ်နေသော စစ်ကောင်စီတပ်များကို ကရင်နီတပ်များက ယခုရက်ပိုင်းအတွင်း ဖြတ်တောက်တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့ရာ မကြာသေးမီကလည်း မယ်စဲ့ရှိ ရှေ့တန်းစခန်းသို့ ရိက္ခာပို့သော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၆ဦးသေဆုံးကာ အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦး အရှင်ဖမ်းဆီးခံခဲ့ရသည်။

မြေပြင်မှ ကြားဖြတ်တိုက်ခိုက်ခံရ၍ လေကြောင်းမှတဆင့် ရိက္ခာပို့ဆောင်ရာတွင်လည်း ဖေဖော်ဝါရီ ၂၄ရက်တွင် ကရင်နီတပ်၏မြေပြင်မှ ပစ်ခတ်မှုကြောင့် စစ်ကောင်စီရဟတ်ယာဉ် နောက်ကြောင်း ပြန်လှည့်သွားရသည်။

ခမရ(၅၁၀)တပ်ရင်းသည် ရှမ်းပြည်တောင်ပိုင်း ကျိုင်းခမ်းမြို့တွင် အခြေစိုက်သည့်တပ်ရင်းတစ်ခုဖြစ်ပြီး လိုအပ်မှုအရ အရှေ့ပိုင်းတိုင်းစစ်ဌါနချူပ်(ရပခ)၏ တိုက်ရိုက်ကွပ်ကဲမှုဖြင့် ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်အတွင်း ဒကစလက်အောက်ခံတပ်ရင်းနှင့် ပူးတွဲလှုပ်ရှားနေသည်။

စစ်ကောင်စီတပ်သည် ကရင်နီနယ်ရှိ နယ်စပ်စခန်းများသို့ ရိက္ခာပို့ဆောင်ရန် ရှမ်းအခြေစိုက် တပ်များကို အသုံးပြုနေရကြောင်း၊ စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားပါက ကရင်နီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်နေမည်ဖြစ်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ယမန်နေ့တွင် ပြောကြားထားသည်။

အလားတူ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း ကရင်နီပြည်နယ် ရှားတောမြို့နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်နီတပ်မတော် (KA)က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။