▪︎ရဲဘော်များ၏ဈာပန အာဇာနည်ဗိမ္ဗာန်၌မတ် ၆ ရက်တွင်ကျင်းပ
ကရင်နီပြည်နယ်မြန်မာ- ထိုင်းနယ်စပ်မှတ်တိုင် BP-12 အနီးရှိ စစ်ကောင်စီ၏ လက်နက်ကြီး တပ်စု အခြေပြု တပ်စခန်းကို ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်စဉ်စစ်ကောင်စီတပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးသကဲ့သို့ KAနှင့် KNDF ရဲဘော် ၁၀ဦးကျဆုံးကာ၊ ဒဏ်ရာရသူများရှိခဲ့သည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်ကပြောသည်။
ဖေဖော်ဝါရီ ၂၇ရက်နံနက်ကနယ်စပ်ရှိကောက်ကောက်စခန်း အနီးစစ်ကောင်စီအခြေပြုထားသည့် စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၁၀လောင်းတွေ့ရှိခဲ့ပြီး ၁၂၀ မမအပါအဝင်လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၁၀လက်ရရှိခဲ့ကြောင်းထုတ်ပြန်သည်။ယင်းတိုက်ပွဲ၌ KA ရဲဘော် ၈ဦး ကျဆုံးပြီး KNDF ရဲဘော် ၂ဦးလည်း ကျဆုံးခဲ့ကြောင်းလည်းခူညေးရယ်က ယနေ့အတည်ပြုသည်။ ကရင်နီပူးပေါင်းတပ်က ဒဏ်ရာရသူ ၁၅ဦးခန့်ရှိခဲ့သည်ဟုဆိုသည်။

“ဒီလိုမျိုးဗျ။ သူတို့လက်နက်ကြီးရတယ်မဟုတ်လား ၁၂၀(၁၂၀မမ)။ အဲဒါ ဝိုင်းဆွဲကြတာ။ တစ်ယောက် နှစ်ယောက်နဲ့ မနိုင်ဘူး။ လက်နက်ကြီးကလည်း ၂လက် ဆိုတော့ ဝိုင်းဆွဲတဲ့အချိန်မှာ ဟိုက လက်နက်ကြီးနဲ့ လှမ်းထုတာ တည့်တည့်ကျသွားတယ်ပြောတယ်။ နောက်ပြီး ဒဏ်ရာရတော့ လေယာဉ်လာတဲ့အချိန်မှာ လေယာဉ်ကနေ ပစ်တဲ့ဟာမှန်သွားတာမျိုးပေါ့” ဟုခူညေးရယ်ကPeople’s Spring သတင်းဌာနသို့ပြောသည်။

၁၂၀ မမ လက်နက်ကြီး ၂ လက်အနက် ၁လက်ကို သာ ရယူနိုင်ခဲ့ပြီး ကျန်တစ်လက်ကို စခန်းအပြင်ဘက်တွင်ထားခဲ့ရကြောင်း၊ စစ်ကောင်စီတပ်သည် တိုက်ခိုက်သိမ်းပိုက်ခဲသည့် စခန်းကုန်းအနီးမှ နောက်ထပ်စခန်းကုန်းတစ်ခုမှ ပစ်ကူပေးသကဲ့သို့ လေကြောင်းမှလည်း လေယာဉ် ၅စီး အသုံးပြု ပစ်ကူပေးခဲ့သည်ဟုဖော်ပြထားသည်။

Public Service Announcement

“ဒါကရှင်းရှင်းပြောရမယ်ဆိုရင်တလျှောက်လုံးမှာဒီဟာက အကျအဆုံး အများဆုံး ထိခိုက်ဒဏ်ရာ အများဆုံးအဲဒီလို ပြောချင်ပါတယ်။လေယာဉ်တွေကလည်း ၅စီးလာပစ်တယ်လေ။ အကြီးကျယ်ဆုံးပေါ့ လေယာဉ်နဲ့ တိုက်ခိုက်ခံရတာကလည်း” ဟုခူညေးရယ်ကပြောသည်။

ကျဆုံးရဲဘော်များအားမတ်လ ၆ရက်တွင်အာဇာနည်ဗိမ္ဗာန်၌ ဈာပနဂုဏ်ပြု အခမ်းအနား ပြုလုပ်ခဲ့သည်ဟုကရင်နီရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည်ယခုတိုက်ပွဲဖြစ်ပွားရာနယ်စပ်ဒေသရှိ ၎င်းတို့၏ တပ်စခန်းများသို့ရိက္ခာဖြည့်တင်းရန်ပြုလုပ်သောအခါ ကရင်နီပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်နေ၍စစ်ကောင်စီတပ်အထိနာလျက်ရှိသည်။


















































