စစ်ကောင်စီလက်အောက်ခံပအိုဝ်းပြည်သူ့စစ် PNO/ PNA အဖွဲ့ကက ကျေးရွာအချို့တွင် ကျည်ဆံဖိုးကောက်ခံနေသလို တပ်သားသစ်ရရှိရန်လူငယ်များကိုလည်းတပ်အတွင်း ဝင်ရောက်ရန်စာထုတ်၍ဖိအားပေးနေကြောင်းဒေသခံများကပြောသည်။
PNO/PNA ပြည်သူ့စစ်လှုပ်ရှားရာ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ကျေးရွာအချို့တွင် ကျည်ဆံဖိုးအဖြစ် တစ်အိမ်လျှင် တစ်သိန်းအထက်လိုက်လံကောက်နေသဖြင့် ဒေသခံများ အခက်ခဲကြုံတွေ့နေရ သည်ဟု အမည်မဖော်လိုသောဒေသခံများကပြောသည်။
ဦးအေညင်ခမ်းထီးဦးဆောင်နေသည့် PNO/PNA ပြည်သူ့စစ်အဖွဲ့ သည် စစ်အုပ်စုအာဏာသိမ်းပြီးနောက် စစ်သားများစုဆောင်း၍ ကရင်နီနယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် စစ်တပ်နှင့်အတူ စစ်ရေးလှူပ်ရှားနေသောအဖွဲ့ဖြစ်သည်။
ပင်လောင်းတောင်ဘက်နှင့် မြောက်ဘက်ကျေးရွာ အချို့တွင်တစ်အိမ်လျှင် ၇၅,၀၀၀ကျပ်အထက် နှင့် အချို့ရွာတွင် ကျပ်တစ်သိန်းအထက် ကောက်ခံလျက်ရှိသည်။

Public Service Announcement

“ကိုယ်တွေရွာမှာလဲ တစ်အိမ်ခုသောင်းခွဲထည့်ရမယ်တဲ့။ကုန်စျေးနှုန်းတွေကတတ် ပိုက်ဆံကရှာခက်ရတဲ့ကြားထဲ သူတို့မအလဘောမဖို့ကိုယ်တွေကထည့်ပေးရဦးမယ်ပေါ့။ မတရားလိုက်တာ တော်လှန်ရေးလုပ်နေတဲ့သူတွေလို အလှူငွေတွေကောက်။မဲတွေရောင်းကြည့်ပါလား။ ကိုယ့်ကိုထောက်ခံတဲ့သူတွေရှိရင်ထည့်ကြမှာပေါ့။အဲ့ကရတဲ့ပိုက်ဆံနဲ့ဝယ်ပေါ့။ဘာလို့ပြည်သူတွေဆီကလိုက်ကောက်နေတာလဲ”ဟု ပင်လောင်းမြို့ မြောက်ဘက်ရှိ ဒေသခံတစ်ဦးက ပြောသည်။

ပင်လောင်းတောင်ဖက် စစ်တောင်းကျေးရွာအုပ်စု တင်းထက် ဒေသ တွင်လည်း ရွာလူကြီးကိုယ်တိုင် တစ်အိမ်ထောင်လျှင် ၇၅,၀၀၀ ကျပ် ကောက်ယူနေသည်။
▪︎တပ်သားသစ်စုဆောင်းခြင်း၊လက်နက်ဖိုးတောင်းခြင်းများပြုလုပ်နေ
PNOပြည်သူ့စစ်သည် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပအိုဝ်းဒေသကာကွယ်ရန်အတွက်ဆိုကာ စစ်သင်တန်းပေးပြီး သင်တန်းအမှတ်စဉ်တခုကို ရွာတစ်ရွာလျှင်လူငယ်၅ဦးစစ်သင်တန်းတက်ရောက်ရန်ဖိအားပေးခဲ့သည်။ထို့အပြင် လက် နက်ဝယ်ရန်အတွက်ငွေကျပ် သုံးသောင်းနှင့် သင် တန်း သားများအတွက် ဆန်တပြည်နှင့်ထင်းကိုပါ ယမန်နှစ်ကကောက်ခံခဲ့သည်။ ပြည်သူ့စစ်အတွင်းမဝင်လိုသောလူငယ်များမှာ ထိုင်းသို့အမြန်ထွက်ပြေး၍ အလုပ်သွားရောက်လုပ်ကိုင်နေသောသူများစွာရှိကြောင်းဒေသခံများကပြောသည်။
ထို့အပြင် ယမန်နေ့(မတ်လ ၇ ရက်)ကလည်းPNO က၎င်းတို့ထိန်းချုပ်ရာဒေသရှိ အရွယ်ရောက်လူငယ်များအနေဖြင့် အမျိုးသားရေးတာဝန်ကိုဝင်ရောက်ထမ်းဆောင်ပြီး ၎င်းတို့နှင့်အတူ တိုက်ပွဲဝင်ရန်ထုတ်ပြန်ခဲ့ပြန်သည်။
တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံး၊ နမ့်နိန်း၊ လုံးပျဉ်၊ ပင်ပွံ၊ လွယ်ဟွဲး၊ ဗေားရန်ကျေးရွာများသို့အမြင်ကျဉ်းမြောင်းသောအစုအဖွဲ့များမှ ကျူးလွန်ဝင်ရောက်လာသောကြောင့် စစ်တလင်းဖြစ်နေရကြောင်းလည်း PNO ဘက်ကစွပ်စွဲပြောဆိုထားသည်။
“ဒါက စကစ ရဲ့အလိုအတိုင်း PNO က လုပ်ဆောင်လာတယ်လို့မြင်တယ်။အဓိက ကျွန်တော်တို့ပြောချင်တာက ပအိုဝ်းလူမျိုးနဲ့ ဖြစ်နေတာမဟုတ်ဘူး။စစ်ကောင်စီနဲ့သူ့အကျိုးစီးပွားကို ကာကွယ်နေတဲ့ အုပ်စု နဲ့ တိုက်နေတာ။အခုက လူမျိုးချင်းရန်တိုက်ပေးသလို ဖြစ်နေပြီ”ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူက ရှင်းပြသည်။

▪︎အာဏာသိမ်းခေါင်းဆောင်နှင့် ဦးအောင်ခမ်းထီး မတ် ၉ ရက်တွင်တွေ့ဆုံ
အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် မင်းအောင် လှိုင် သည် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်/အသွင်ပြောင်း ပြည်သူ့စစ် (PNO/PNA) ခေါင်းဆောင် ဦးအောင်ခမ်းထီနှင့် ကျောက်တလုံးကြီးမြို့တွင် ယမန်နေ့(မတ်လ ၇ ရက်)က တွေ့ဆုံခဲ့သည်။ မည်သည့်အကြောင်အရာများဆွေနွေးခဲ့သည်ကိုမူမသိရပေ။
စစ်သားသစ်ရရှိရန် အခက်တွေ့နေသောစစ်ကောင်စီသည် PNO/PNA ကဲ့သို့ပြည်သူ့စစ်အဖွဲ့များမှတစ်ဆင့် တပ်သားသစ်ရရှိရန် ကြိုးစားနေကြောင်း စစ်ရေးလေ့လာသူအချို့ကပြောသည်။
▪︎ပင်လောင်းတိုက်ပွဲတွင် စစ်တပ်နှင့်PNO အထိနာ
ဖေဖော်ဝါရီ ၂၄ ရက်ကစ၍ပင်လောင်းမြို့နယ်ဆောင်ပြောင်းကျေးရွာမှတဆင့် ဖယ်ခုံမြို့ ဘက်ခြမ်း သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်ကို ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲမှာ ယနေ့အချိန် ထိ ဖြစ်ပွားနေဆဲ ဖြစ်ပြီး စစ် ကောင်စီ နှင့် PNO တပ်မှ သေဆုံးသူ ၃၀ ထက်မနည်းရှိပြီး လက်နက်ခဲယမ်းများစွာကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းရရှိခဲ့သည်။ ပင်လောင်းတိုက်ပွဲ ဖြစ်စဥ်အပြည့်အစုံကိုPeople’s Spring သတင်းဌာနကကရေးသားဖော်ပြထား”စစ်ကောင်စီတပ်အထိနာတဲ့ပင်လောင်းတိုက်ပွဲ”ဆောင်းပါးတွင်ဖတ်ရှုနိုင်ပါသည်။
https://www.ludunwayoo.com/feature-mm/2023/03/06/69795/
▪︎စစ်တပ်က ပအိုဝ်းပြည်သူများကိုလူသားတံတိုင်း၊လက်ကိုင်တုတ်ဖြင့်အသုံးချနေ
အာဏာသိမ်းစစ်ကောင်စီက ပအိုဝ်းဒေသ ၌ ပအိုဝ်းပြည်သူများကို လူသားဒိုင်းအနေဖြင့် အသုံးပြုခြင်း၊ လက်ကိုင်တုတ်အနေဖြင့် အသုံးချနေခြင်းများရှိကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား၌ ပြောကြားခဲ့သည်။ စစ်ကောင်စီတပ်သည် ပအိုဝ်းပြည်သူ့စစ်ဖြစ် သော PNO/PNAကို အသုံးချပြီး ရှမ်း- ကရင်နီဒေသ စစ်ဆင်ရေးများ ဆောင်ရွက်နေသည်ကို ခွန်မြင့်ထွန်းက ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ် သည်။
“တနည်းအားဖြင့် ပြောရရင် ပအိုဝ်းတွေအချင်းချင်း ကြားမှာလည်း ပဋိပက္ခတွေကို စစ်ကောင်စီက ဖန်တီးပေးနေတာတွေရှိနေသလို ပအိုဝ်နဲ့ ကရင်နီအပါအဝင် အခြားသော တိုင်းရင်းသားညီနောင်တွေကြားမှာလည်း ကျနော်တို့ကို သွေးခွဲရန်တိုက်မှု လုပ်ထားတာဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် ပြည်ထောင်စုအပေါ်မှာထားတဲ့ ကျနော် တို့ စိတ်ကောင်းစေတနာတွေ သစ္စာရှိမှုတွေကို တလွဲအသုံးချနေတာဖြစ်ပါတယ်”ဟု ခွန်မြင့်ထွန်းက ပြောသည်။
ထိုသို့ အသုံးချခံမှုမှ လွတ်မြောက်ရန်အတွက် နိုင်ငံရေး ခံယူချက်၊ ယုံကြည်ချက်များကို ဆက်လက်အကောင်အထည်ဖော်ရန်လိုအပ်သည်ဟု လည်းဆက်ပြောသည်။
“ပအိုဝ်းပြည်သူများကို ကျနော်တို့ ပန်ကြားချင်တာကတော့ စစ်အာဏာရှင်တွေဟာ သူတို့ အကျိုးစီးပွားအတွက် ကျနော်တို့ ပအိုဝ်းပြည်သူတွေကို လူသားဒိုင်းတွေ လက်ကိုင်တုတ်တွေအနေနဲ့ အသုံးချတာကနေ ရှောင်ရှားရုန်းထွက်ကြဖို့အတွက်ကိုလည်း ဒီနေရာကနေ ပန်ကြားချင်ပါတယ်”ဟု ခွန်မြင့်ထွန်းက တိုက်တွန်းသည်။
ပအိုဝ်းတိုင်းရင်းသားများ လိုလားသည်မှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့်အတူ ပအိုဝ်းပြည်နယ်သစ် ပေါ်ထွန်းရေးဖြစ်ကြောင်း၊ ယင်းသို့ ပေါ်ထွန်းလာရေး ကြိုးပမ်းရာ၌ နိုင်ငံရေးနည်းလမ်းများဖြင့် ကြိုးပမ်းရမည်ဖြစ်ပြီး ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ ညီနောင်တိုင်းရင်းသားများ၏ ထောက်ခံအားပေးမှုလိုအပ်ကြောင်း၊ ယင်းသည်အနာဂတ်တွင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခုလောလောဆယ်ဆယ်မှာကျတော့ ကျနော်တို့ တိုင်းပြည်မှာ စနစ်ဆိုးဖြစ်တဲ့ စစ်အာဏာရှင် စနစ်ဆိုးကို အပြီးတိုင် ဖျက်သိမ်းကြဖို့ လိုပါတယ်”ဟု ခွန်မြင့်ထွန်းကပြောသည်။
▪︎PNFC ဦးဆောင်မှုဖြင့် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တပ်ဖွဲ့တို့ကနွေဦးတော်လှန်ရေးတွင်ပါဝင်နေ
စစ်အာဏာရှင်အပြီးတိုင် ဖျက်သိမ်းရေး ဆောင်ရွက်ရာတွင် PNFCသည် နွေးဦးတော်လှန်ရေး၌ ပါဝင်ဆင်နွှဲနေသည့် ပြည်သူများနှင့်အတူတိုက်ပွဲဝင်လျက်ရှိသည်။PNFC ဦးဆောင်မှူဖြင့် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တပ်ဖွဲ့နှစ်ဖွဲ့ကို ဖွဲ့စည်းပြီး သထုံဒေသ၊ ဖားအံဒေသ၊ ရှမ်း-ကရင်နီနယ်စပ်များ၌ တပ်နယ်သုံးနယ်ဖွဲ့စည်းပြီး စစ်ရေးအရ ဆောင်ရွက်နေကြောင်း ခွန်မြင့်ထွန်းက ပြောပြသည်။
