ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ဘက် ဒေါငံခါးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား သုံးဦးခန့်သေဆုံးနိုင်ကြောင်း အဆိုပါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO local PDF)က ယနေ့ထုတ်ပြန်သည်။
ယနေ့(မတ်လ ၂၀ရက်) နံနက် ၆နာရီကစ၍ နေ့လည် ၁နာရီခန့်အထိ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။
အဆိုပါတိုက်ပွဲတွင် ကျေးရွာအတွင်းရှိ ဒေသခံများ၏နေအိမ်တွင် ခြေကုတ်ယူထားသော စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်းသုံးခုဖြင့် ထိုးစစ်ဆင်လာခဲ့ခြင်းဟု အသိပေးသည်။
ထို့ကြောင့် DMO Local PDFနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ခုခံတိုက်ခိုက်ခဲ့သည်။

Public Service Announcement

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးကို အဆမတန်ပစ်ခတ်ပြီး DMO local PDF ရဲဘော်လေးဦးခန့် မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်သား သုံးဦးခန့်သေဆုံးနိုင်ပြီး ဒဏ်ရာလည်းအများအပြားရရှိကြောင်း ဖော်ပြသည်။
“အခုညနေပိုင်းအထိ လက်နက်ကြီးတွေနဲ့ စကစဘက်က ပစ်နေတုန်းပဲ။အဓိကတော့ သူတို့ဘက်ကအထိနာလို့ ဆက်တိုက်မနားတမ်းပစ်နေတာ”ဟု DMO Local PDF တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် တိုက်ပွဲများအချိန်မရွေး ဆက်လက်ဖြစ်ပွားနိုင်ပြီး ဒေသခံပြည်သူလူထုများ သတိရှိရှိ နေထိုင်ရန်လည်း DMO Local PDFက တိုက်တွန်းသည်။
ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစ၍ ကရင်နီ(ကယား)ပြည်နယ်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာလေးခုဖွင့်ကာ စစ်ကြောင်းများစွာဖြင့် ထိုးစစ်ဆင်နေသည်။


















































