▪︎အလောင်းလာကောက်သည့်စစ်ကြောင်း ယနေ့ထပ်မံ တိုက်ခိုက်ခံရ၍ဆုတ်ခွာသွား၊ အလောင်းများ ကျန်ခဲ့ပြီး လက်နက်ကြီး ၂လက်အပါအဝင် လက်နက်ခဲယမ်းများရ
▪︎ကရင်နီပူးပေါင်းတပ်မှ ရဲဘော်၁ ဦးကျပြီး ၂ဦးဒဏ်ရာရ
ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးအုပ်စုအတွင်း၌ ယမန်နေ့က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။
“ မနေ့ကတော့သူတို့တော်တော်ကျတယ်။ ဒါပေမဲ့ အရေအတွက်တော့မသိရဘူး။ ဒီနေ့သူတို့ ပြန်လာရှင်းတယ်လေ အဲဒီမှာ ထပ်ပြီး တိုက်ပွဲဖြစ်တယ်။ အဲဒီမှာအလောင်းတွေ ကျန်ခဲ့တယ်ပြောတယ်။ အရေအတွက်တော့ မသိရသေးဘူး။ ရရှိတဲ့ ပစ္စည်းတွေစာရင်းပြုစုနေတယ်။အကြမ်းအားဖြင့် သိရသလောက်က ၆၀ မမ နှစ်လက်ရတယ်အဲဒီလို သိရတယ်။ လက်နက်ငယ်တွေလည်း ရမှာပေါ့” ဟု ခူညေးရယ်က People’s Spring သတင်းဌာနသို့ဖြေကြားသည်။

အဆိုပါ စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူနှင့် စစ်အင်အားတိုးခြင်းများ ပြုလုပ်လာနိုင်၍ သတိထားရန်လိုအပ်ကြောင်း၎င်းကသတိပေးသည်။
ကရင်နီ စစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် မတ်လ ၂၁ရက် နံနက် ၁၀နာရီမှ ညနေ ၆နာရီအထိဒေါတမကြီးအုပ်စု အတွင်း၌ ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဆက်လက် ဖြစ်ပွားခဲ့ရာ အသေအဆုံးများခဲ့သည့် စစ်ကောင်စီတပ်က ဘောလခဲမြို့မှ လက်နက်ကြီးပစ်ကူ (၁၀)ကြိမ်ထက်မနည်းပစ်ခတ်ခဲ့သည်ဟုဖော်ပြထားသည်။
ညနေ (၅)နာရီနှင့် (၆)နာရီအတွင်းစစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီး (၆)ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်သည်။
ယမန်နေ့တိုက်ပွဲ၌ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ပြီး ၂ဦး ဒဏ်ရာရခဲ့ကြောင်း၊ ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲအရှေ့ခြမ်းနှင့် သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ကရင်နီစစ်ဘက်က အသိပေးထားသည်။
