မူပိုင်နည်းပညာဖြင့် (၄၀)မမ ဗုံးသီးအား ထုတ်လုပ်နိုင်ခဲ့ပြီဟု ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(DMO Local PDF)က ယနေ့ အသိပေးထုတ်ပြန်သည်။
DMO Local PDF Drone Teamက (၄၀) မမ ဗုံးသီးကို ယခုနှစ် ဇန်နဝါရီ ၁ရက်ကစ၍ စတင်စမ်းသပ်ခဲ့သည်ဟု ဆိုသည်။
သုံးလခန့်အကြာ မတ်လ ၂၅ ရက်တွင်မူ ရာနှုန်းပြည့် စမ်းသပ်ထုတ်လုပ်မှုအောင်မြင်ခဲ့ကြောင်းလည်း အသိပေးသည်။(၄၀) မမ ဗုံးသီးကို 3 D Modelling Printing(မူပိုင်)နည်းပညာဖြင့် ထုတ်လုပ်ခဲ့ခြင်းဟု ဆိုသည်။

“မနှစ်က သြဂုတ်လကတည်းက (၄၀) မမ ဗုံးသီး ထုတ်လုပ်ဖို့ စကြိုးပမ်းခဲ့တာလို့ ပြောလို့ရတယ်။အခုတော့ ထုတ်လုပ်နိုင်ပြီ ဖြစ်တယ်။တစ်ဆက်တည်းမှာပဲ စစ်ရေးကလည်း ပြင်းထန်နေတယ်။ဒါကြောင့် အခုက 3 D Printer နှစ်လုံး နဲ့ တစ်ရက်ကို (၄၀)မမ ဗုံးသီး လေးလုံးထုတ်လုပ်နေတယ်။ဒါကြောင့် ဒီထက်မက ထုတ် လုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်။အဓိက လိုအပ်ချက်ကတော့ ငွေကြေးပါပဲ”ဟု DMO Local PDF မှ (၄၀)မမ ဗုံးသီးအားဦးဆောင်ထုတ်လုပ်နေသူက လူထုနွေဦးသို့ ပြောသည်။
(၄၀)မမ ဗုံးသီး၏ အလေးချိန်မှာ ၀ ဒသမ ၆၅ Lb ရှိပြီး ပြင်းအားမှာပေ ၅၀ ပတ်လည်အတွင်း ထိရောက်သည်ဟု ဖော်ပြသည်။

(၄၀)မမ ကို ကယန်းဘာသာဖြင့်(Boung Khu)၊ မြန်မာ ဘာသာဖြင့်(ငှက်ပျောဖူး)အစရှိ၍ အမည်ပေးထားပြီး ဗုံးသီးတစ်လုံး၏ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ် ငါးသောင်း ရှိမည်ဟု ဆိုသည်။
ထို့ကြောင့် (၄၀)မမ ဗုံးသီးကို တိုက်ခိုက်ရေးတွင် အသုံးပြုနိုင်ရန် အပါအဝင် ထုတ်လုပ်မှုများ ဆက်လုပ်ပြုလုပ်နိုင်ရန် နည်းပညာနှင့်ငွေကြေးပိုင်းအရ အဖက်ဖက်မှ ကူညီပံ့ပိုးပေးရန် DMO Local PDF က ပြည်သူများကို မေတ္တာရပ်ခံသည်။
