ကမ္ဘာကျော်အမှတ်တံဆိပ် Uniqlo အဝတ်အထည်များထုတ်လုပ်နေသည့် ဂျပန် Fast Retailing ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း ချုပ်လုပ်နေမှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Nikkei Asia သတင်းဌာနက မတ်လ ၃၀ရက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် နိုင်ငံ့အာဏာကို သိမ်းယူပြီးနောက် ပြည်တွင်းကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီများ အစုလိုက်၊ အပြုံလိုက်ထွက်ခွာပြီးနောက် Fast Retailing ကုမ္ပဏီလည်း ထပ်မံထွက်ခွာခြင်းဖြစ်သည်။
စစ်အစိုးရသည် ၎င်း၏ အာဏာသိမ်းမှုကို ဆန့်ကျင်သည့်ဆန္ဒပြသူများအား ချေမှုန်းခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေခြင်းကြောင့် ယခုလို မြန်မာပြည်က ထွက်ခွာရခြင်းဖြစ်သည်ဟု ကုမ္ပဏီက ဆိုသည်။
Fast Retailing ကုမ္ပဏီသည် မြန်မာနိုင်ငံမှ နောက်ဆုံးထွက်ခွာခြင်းဖြစ်ပြီး ၎င်းနှင့်လက်တွဲလုပ်ကိုင်နေသည့် ပြည်တွင်းကုမ္ပဏီများကို စာရင်းမှ ဖယ်ရှားလိုက်သည်ဟု သည်။

Public Service Announcement
ထို့အတူလန်ဒန်အခြေစိုက် ဖက်ရှင်နှင့် အဝတ်အထည်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Marks & Spencer ကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင် လူအခွင့်အရေးချိုးဖောက်မှုများကြောင့် မတ်လအတွင်း ထွက်ခွာမည်ဟု ပြီးခဲသည့် အောက်တိုဘာက ထုတ်ပြန်ခဲ့သည်။
Marks & Spencer ကုမ္ပဏီမှတာဝန်ရှိသူက “ ကျွန်ုပ်တို့ ထောက်ပံ့ရေးကွင်းဆက်ရဲ့ မည်သည့်အစိတ်အပိုင်းအတွင်းကို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သည်းခံမှာ မဟုတ်ဘဲ။မြန်မာနိုင်ငံက မတ်လမှာ ထွက်ခွာမယ်။”ဟု ကြေညာထားသည်။
Muji အိမ်သုံးပစ္စည်းစတိုးဆိုင်များ၏ မိခင်ကုမ္ပဏီ ဂျပန်အော်ပရေတာ Ryohin Keikakuကလည်း မြန်မာနိုင်ငံမှ အင်္ကျီများနှင့် အခြားပစ္စည်းများရောင်းချနေမှုကို ဩဂုတ်တွင် အဆုံးသတ်ရန် စီစဉ်နေသည်ဟု ဆိုသည်၊
ထို့အပြင် အိုင်ယာလန် ဖက်ရှင်လက်လီရောင်းချသူ Primark ကလည်း မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဟု ပြောကြားထားသည်။
“ ပိုဆိုးလာတဲ့ အခြေအနေတွေကြောင့် ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော ရွေးချယ်ခွင့်က တိုင်းပြည်ကနေ တာဝန်သိသိထွက်ပေါက်ကို စတင်ဖို့ပဲလို့ ယုံကြည်ပါတယ်” ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။
စစ်အုပ်ချုပ်ရေးအောက်တွင် လုပ်ငန်းခွင်များ၌ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိသေးပေ။ စက်ရုံအလုပ်သမားများမှာလည်း ၂၀၁၉ကတည်းကသတ်မှတ်ထားသည့် တစ်ရက်အနိမ့်ဆုံးလုပ်ခလစာ ၄,၈၀၀ ကျပ်ဖြင့်သာ လုပ်ကိုင်နေရသသည်။















































