စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် ည အချိန် ဖြတ်သန်းလာသော စစ်ကောင်စီတပ်ယာဉ် သုံးစီးအား နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိကြောင်း Dog Killers People’s Defence Force Myinmu အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့ (မေလ ၄ရက်) နံနက် ၁နာရီခန့်က စစ်ကိုင်းဘက်မှ မုံရွာမြို့ဘက်သို့ဦးတည်ထွက်ခွာလာသော အင်အား၉၀ခန့်ပါ စစ်ကားသုံးစီးအား ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြားတွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပထမတစ်ကြိမ် မိုင်းဆွဲရာတွင် ပထမတစ်စီးကို ထိမှန်ခဲ့ပြီး စစ်ကားမှာထိုးရပ်သွားကြောင်း၊ စစ်အုပ်စုက လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်ပြီးနောက် ဆက်ထွက်လာ၍ ဒုတိယအကြိမ်ထပ်မံမိုင်းဆွဲခဲ့ရာ သုံးစီးမြောက်ယာဉ်ကို မိုင်းထိမှန်ခဲ့ကြောင်း DK PDF(MMU)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်သားအများအပြားထိခိုက်ဒဏ်ရာရရှိနိုင်သည်ဟု ၎င်းတာဝန်ခံက ခန့်မှန်းသည်။

Public Service Announcement

“မိုင်းထိပြီးတော့ ထိုးရပ်သွားတယ်။ ကားပေါ်ကနေလှမ်းပစ်တယ်။ ပစ်ပြီးတော့မှတောက်လျှောက် ပြန်ထွက်သွားတယ်။ ကားကတော့အသံတွေကတော့ ငြီးသံတွေထွက်သွားတယ်။လူထိခိုက်မှုရှိနိုင်တယ်။ ပဒေသာမိုင်းတွေနဲ့ဆိုတော့။ ဒီကောင်တွေက စစ်ကိုင်းကနေ မုံရွာကို ခိုးကြောင်ခိုးဝှက်ထွက်လာတာ။”ဟု DK PDF(MMU)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယင်းတိုက်ခိုက်မှုကို(PAFD)တပ်ခွဲDK PDF (MMU)၊ People’s Knight Defense Force Myinmu (PKDF.MMU)၊ D.B.B.F.MMU မဟာမိတ်အဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များဖြတ်သန်းသည့်အချိန်တိုင်း ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။


















































