▪︎သို့သော် Solar Energy လီမီတက်ကိုမည်သူပိုင်ဆိုင်ကြောင်း၊ထိုကုမ္ပဏီမှတ်ပုံတင်ထားသောနေရာကိုမူမပြော
မြန်မာနိုင်ငံတွင် စစ်တပ်နှင့် လက်တွဲလုပ်ကိုင်နေသည့် ကုန်သေတ္တာနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို Solar Energy လီမီတက်ကို ဒေါ်လာ သန်း ၃၀ ဖြင့် အရှုံးခံရောင်းချလိုက်ပြီဖြစ်ကြောင်းအိန္ဒိယ Adani ကုမ္ပဏီ အုပ်စုကမေ ၄ ရက်တွင် ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင်စစ်တပ်နှင့် ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းများမှ တာဝန်သိသိနုတ်ထွက်ရန် Adani Group ကို (Australian Center for International Justice (ACIJ)၊ Justice For Myanmar (JFM)နှင့် Stop Adani တို့က မေ ၄ ရက်တွင် ထုတ်ပြန်ပြီးနောက် နာရီပိုင်းအကြာတွင် Adani Ports က မြန်မာစစ်တပ်ဆိပ်ကမ်းစီမံကိန်းကို Solar Energy လိမီတက်ထံ အမေရိကန်ဒေါ်လာ သန်း ၃၀ နဲ့ ရောင်းချကြောင်းထုတ်ပြန်ခြင်းဖြစ်သည်။
သို့သော် Solar Energy Limited ကိုမည်သူပိုင်ဆိုင်ကြောင်း၊ထိုကုမ္ပဏီ မှတ်ပုံတင်ထားသောနေရာနှင့်ပတ်သက်ပြီး JFM၏မေးမြန်းမှုအပေါ် Adani Ports က ထုတ်ဖော်ပြောကြားရန်ငြင်းဆိုခဲ့ကြောင်းJFM ကလည်းယနေ့ (မေ ၅)တွင်ထုတ်ပြန်သည်။
“မြန်မာပြည်သူတွေရဲ့ မူလပိုင်ဆိုင်မှုတွေကို စစ်တပ်ရဲ့စီးပွားရေးလုပ်ငန်းစု MEC က တရားမဝင်ထိန်းချုပ်ထားတဲ့ ပွင့်လင်းမြင်သာမှုကင်းမဲ့လွန်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်”ဟုJFM ကအသိပေးသည်။

Public Service Announcement
ရန်ကုန်မြို့ ၊ အလုံဆိပ်ကမ်းရှိ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)ပိုင်ဆိုင်ထားသည့် မြေဧက ၅၀တွင် အိန္ဒိယ Adaniကုမ္ပဏီက ဒေါ်လာ သန်း ၂၉၀ ရင်းနှီးမြှပ်နှံပြီး ကုန်တင်ကုန်ချ ကုန်သေတ္တာ စီမံကိန်းဆောင်ရွက်ရန် ၂၀၁၉ မေလတွင် ခွင့်ပြုချက်ရခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြသူများကို စစ်တပ်က အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် နိုင်ငံတကာက ပိတ်ဆို့အရေးယူများပြုခဲ့နောက် အိန္ဒိယကုမ္ပဏီက ဒေါ်လာ သန်း ၂၉၀တန်ကို ဒေါ်လာ သန်း ၃၀ဖြင့် အရှုံးခံရောင်းချလိုက်ခြင်းဖြစ်သည်ဟု ကုမ္ပဏီကဆိုထားသည်။ Adaniကုမ္ပဏီ၏ ရှယ်ယာများကို Solar Energy ကုမ္ပဏီက ဝယ်ယူခဲ့ပြီး နှစ်ဖက်သဘောတူညီမှုများအရ ၃ ရက်အတွင်း ငွေပေးချေမှာဖြစ်သည်ဟု အိန္ဒိယကုမ္ပဏီကဆိုသည်။
သို့သော် ကုမ္ပဏီသည် ဆိပ်ကမ်းစီမံကိန်းမှ နှုတ်ထွက်မည်ဟု ၂၀၂၁ အောက်တိုဘာတွင်ကြေညာခဲ့သော်လည်း ဆိပ်ကမ်းဖော်ဆောင်ရေးနှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ကို အကျိုးဖြစ်စေမည့် ကရိန်းများဝယ်ယူရန် ဒေါ်လာသန်းပေါင်းများစွာ အသုံးပြုခဲ့သည်ဟုJFM က အချက်အလက်အထောက်ထားများနှင့်တစ်ကွ မေ ၄ ရက်တွင်ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
ထိုအပြင်Adani ကုမ္ပဏီ အုပ်စု၏ လက်အောက်ခံ Adani Powerကုမ္ပဏီကလည်း စစ်ကိုင်းတိုင်းမှတဆင့်အိန္ဒိယကို ကျောက်မီးသွေးများတင်ပို့ရန် မြန်မာ့နိုင်ငံတွင်ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းများ ဆောင်ရွက်ရန် အဆိုပြုလွှာတစ်စောင်ကို စစ်ကောင်စီဝန်ကြီးထံ တင်ပြခဲ့သည်ဟုလည်းသိရသည်။
ပြည်တွင်း၌ လုပ်ငန်းများလုပ်ကိုင်ရန် စစ်အုပ်စုအားထောက်ပံ့နေသည့် လာဘ်ငွေများပေးချေနိုင်အောင် အိန္ဒိယအစိုးရက အကူအညီများပေးနေပြီး စစ်အုပ်စုနှင့်လက်တွဲပြီး လက်နက်ရောင်းချမှုများပါလုပ်ဆောင်နေသည်ဟု JFMကဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
“Adani Ports က အများပြည်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ ချေးငွေပေးအပ်သူတွေ၊ လူ့အခွင့်အရေး အသိုင်းအဝိုင်း၊ အထူးသဖြင့် မြန်မာနိုင်ငံကထွက်ခွာမှာဖြစ်တယ်ဆိုတဲ့ Adani ရဲ့ ကြေညာချက် သတင်းတွေကို ကြိုဆိုခဲ့ကြတဲ့ မြန်မာပြည်သူတွေနဲ့ သူတို့ကို ထောက်ခံသူတွေအပေါ် မရိုးမဖြောင့်စွာနဲ့ လိမ်လည်လှည့်စားခဲ့တာ ဖြစ်ပါတယ်”ဟု ACIJအမှုဆောင်ဒါရိုက်တာဖြစ်သူ Rawan Arraf ကပြောခဲ့သည်။
JFMပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “သူတို့မူလကြေညာထားတဲ့အတိုင်း ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်အကုန်မှာထွက်ခွာရမယ့်အစား Adani Ports က မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ရင်းနှီးမြှုပ်နှံသူတွေကို မရိုးမဖြောင့်လှည့်စားခဲ့ပြီး ဝယ်ယူသူအကြောင်း ထုတ်ပြန်ဖို့ ငြင်းဆိုခဲ့ရုံတင်မကပဲ မြန်မာစစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်နေချိန်မှာ မြန်မာစစ်တပ်အတွက် အကျိုးအမြတ်များမယ့် ဘဏ္ဍာရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးပိုင်ဆိုင်မှုလုပ်ငန်း တစ်ရပ်ကို ဆက်ပြီးဖော်ဆောင်နေတာ ဖြစ်ပါတယ်”ဟုပြောသည်။
နော်ဝေးဗဟိုဘဏ်က Norges Bank ကလည်း Adaniကုမ္ပဏီအုပ်စုတွင် ရင်းနှီးမြှပ်နှံမှုများရုပ်သိမ်းကြောင်း ၂၀၂၃ ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည်။


















































