Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်နှင့် PNO တပ်များရှိရာအနီး ဆီဆိုင်မြို့နယ်တစ်နေရာ၌ သံတမန်ယာဉ်တန်း ပစ်ခတ်ခံရ

ပအိုဝ်းဒေသခံတစ်ဦးကလည်းသံတမန်ယာဉ်တန်းတိုက်ခိုက်မှုမှာ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်သည်။

AHA စင်တာက အာဆီယံနိုင်ငံတစ်နိုင်ငံသို့အ​ရေး​ပေါ်အကူအညီ​ပေး​အပ်​နေစဥ်။
AHA စင်တာက အာဆီယံနိုင်ငံတစ်နိုင်ငံသို့အ​ရေး​ပေါ်အကူအညီ​ပေး​အပ်​နေစဥ်။

▪︎စစ်ရှောင်ကူညီရန် PNLO ထံလာသည့် အာဆီယံသံတမန်များ ထိခိုက်မှုမရှိသော်လည်း ဒေသခံများနှင့် တွေ့ဆုံပွဲ ပျက်သွား

▪︎“နိုင်ငံတကာ သံတမန်နဲ့ စစ်ဘေးရှောင် စကားပြောလိုက်ရရင် စကစရဲ့လုပ်ရပ်တွေက ပိုပေါ်ကုန်မှာကို ကြောက်လို့ဖြစ်မယ်” ​-ဒေသခံတစ်ဦး

▪︎”ကရင်နီပြည်မှာ Save The Children ဝန်ထမ်းတွေကို မီးရှိ့သတ်ခဲ့တာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တယ်ဆိုတာ ပြန်သတိရစေချင်ပါတယ်”-NUG တာဝန်ရှိသူ

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဆက်ဆံရေးရုံးသို့ လာရောက်သည့် အင်ဒိုနီးရှား၊ စင်္ကာပူ သံတမန်များ၊ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးစင်တာ(AHA)မှတာဝန်ရှိသူများလိုက်ပါလာသည့်ယာဉ်တန်းယမန်နေ့ မေလ ၇ရက် က တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။

အင်ဒိုနီးရှား၊ စင်္ကာပူ သံတမန်များ၊ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးစင်တာ(AHA) စင်တာမှတာဝန်ရှိသူများ ပါသည့် ယာဉ်တန်းသည်တောင်ကြီးမြို့မှဆီဆိုင်မြို့သို့ လာရောက်စဉ် ဆီဆိုင်မြို့နယ် နန်းဩရွာ မြောက်ဘက် သရက်ပင်ကြီးအကွေ့အရောက်၌ ပစ်ခတ်ခံရခြင်းဖြစ်သည်။ ပစ်ခတ်မှု ဖြစ်စဉ်ဖြစ်ပွားသည့် နေရာသည် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်စခန်း နှစ်ခုအကြားတွင်ရှိသည်။ ဆီဆိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ(၄၂၃)နှင့် ခမရ(၄၂၄) တပ်ရင်းများနှင့် ၁၁ မိုင်ကျော်သာ ကွာဝေးကြောင်း၊ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် အောင်ဆုဗွေစခန်းနှင့် ၁၁ မိုင်သာကွာဝေးကြောင်း ​ဒေသခံအချို့က​ပြောသည်။

“အဓိကကတော့ ပစ္စည်း(စစ်ရှောင်ကူညီရေးပစ္စည်း)သွားပေးတာပါ။ သွားပေးတော့ တိုက်ခိုက်ခံရတာပေါ့။ ထိခိုက်တာတော့မရှိဘူး”ဟု သတင်းရင်းမြစ်က ပြောသည်။ အဆိုပါ ယာဉ်တန်း၌ အင်ဒိုနီးရှားနှင့် စင်္ကာပူမှ သံတမန်များပါဝင်သည်ဟုသိရသည်။

ယာဥ်တန်း ပစ်ခတ်ခံခဲ့ရ​​သော​နေရာ ။
ယာဥ်တန်း ပစ်ခတ်ခံခဲ့ရ​​သော​နေရာ ။

အဆိုပါ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့် ချန်နယ်များက PDFများ လုပ်ဆောင်ခြင်းဖြစ်သည်ဟု စွပ်စွဲမှုရှိသော်လည်း ဒေသတွင်း သတင်းရင်းမြစ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တာဝန်ရှိသူက PDFများ လက်ချက်မဟုတ်ဟု ရှင်းလင်းပြောကြားသည်။

Public Service Announcement

Public Service Announcement

သံတမန်ယာဉ်တန်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတစ်ဦးက “ နိုင်ငံတကာ Diplomat တွေ၊ လူသားချင်းစာနာမှုအကူအညီပေးသူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုး PDF တွေ လုံးဝမလုပ်ပါဘူး။ ကရင်နီပြည်မှာ Save The Children ဝန်ထမ်းတွေကို မီးရှိ့သတ်ခဲ့တာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တယ်ဆိုတာ ပြန်သတိရစေချင်ပါတယ်” ဟု People’s Spring သို့ ပြောကြားသည်။

စစ်ကောင်စီတပ်သည် ၂၀၂၁ ဒီဇင်ဘာလက ဖရူဆိုမြို့နယ် မိုဆိုရွာတွင် Save The Children ဝန်ထမ်းများနှင့် ပြည်သူများအပါအဝင် လူဦးရေ ၃၀ကျော်ကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှု ကျူးလွန်ခဲ့ဖူးသည်။

Public Service Announcement
Public Service Announcement

“သူတို့(PDF)တော့ မဖြစ်နိုင်ဘူး။ ဒါကျနော်တို့တွေးမိတာပေါ့။ သူတို့ အဲဒီနေရာရောက်ဖို့မလွယ်ဘူး။ အဲဒီမှာ တပ်ရင်း (စစ်ကောင်စီတပ်ရင်း) ၂ရင်း တောင်ရှိတယ်။ သိပ်မဝေးဘူး” ဟု ဒေသခံတစ်ဦးကလည်းပြောသည်။

ပအိုဝ်းဒေသခံတစ်ဦးကလည်းသံတမန်ယာဉ်တန်းတိုက်ခိုက်မှုမှာ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်သည်။

“ နိုင်ငံခြားသံတမန်နဲ့ စစ်ဘေးရှောင်တွေကို မတွေ့စေချင်လို့။ နောက်တစ်ခုက PNLO နယ်ရုံးကို နိုင်ငံခြားသံတမန်တွေလာတွေ့တယ်ဆိုတာ နိုင်ငံရေးအဆင့်အရ မြင့်တယ်။ အဲဒါကို PNO(စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်)နဲ့ စကစ က အဖြစ်မခံနိုင်လို့။ အဓိကက နိုင်ငံတကာ သံတမန်နဲ့ စစ်ဘေးရှောင် စကားပြောလိုက်ရရင် စကစရဲ့ လုပ်ရပ်တွေက ပိုပေါ်ကုန်မှာ ကြောက်လို့ဖြစ်မယ်”ဟု ပအိုဝ်းဒေသခံတစ်ဦးကသုံးသပ်ပြောကြားသည်။

ယာဉ်တန်းတိုက်ခိုက်ခံရမှုတွင် နောက်ဆုံးယာဉ် အပစ်ခံရခြင်းဖြစ်ကြောင်း၊ အဆိုပါ ဒေသတွင် စစ်ကောင်စီနှင့် PNO သာအဓိကရှိပြီး ကရင်နီနယ်စပ်နှင့် မိုင် ၆၀ ခန့်ဝေးကြောင်း သတင်းရင်းမြစ်က ပြောသည်။

ထိုယာဉ်တန်းတွင်သံတမန်ယာဉ် ၃ စီး၊ ထွေအုပ်ယာဉ် ၃ စီးနှင့် စစ်ကောင်စီတပ်သားယာဉ် တစ်စီးတို့ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်ခံရပြီး​နောကမ စစ်ကောင်စီဘက်ကလည်းပြန်လည် ပစ်ခတ်ခဲ့သည်ဟုဆိုသည်။ထိုပစ်ခတ်မှုကြောင့် သံရုံးအရာရှိ ယာဉ်တန်းသည် ဆီဆိုင်သို့ဆက်မသွား​တော့ ဘဲနံနက် ၁၀ နာရီကျော်တွင် တောင်ကြီးမြို့ကို ပြန်လည်မောင်းသွားသည်ဟု စစ်​ကောင်စီကထုတ်ပြန်ထားသည်။

သို့​သော်​ဒေသခံများက သံတမန်ကားတန်း၏ နောက်ဆုံးကားတစ်စီးကိုသာ​သေနတ် ၅ချက်ဝန်းကျင်ထိမှန်သည်ဟုသိရ​ကြောင်း​ပြောသည်။ ပစ်ခတ်ခံရ​​သော​နေရာသည် ဆီဆိုင်မြို့နှင့် ၅ မိုင်သာ​ဝေးပြီး ယာဥ်တန်းမှာ မြို့​ရောက်ခါနီးမှ ​​တောင်ကြီးသို့ပြန်သွားခြင်းဖြစ်သည်ဟု​ဒေသခံများက​ပြောသည်။

ဆီဆိုင်ရှိစစ်​ဘေးဒုက္ခသည်စခန်းများတွင် စစ်​ဘေး​ရှောင်ပြည်သူ သောင်းဂဏန်းရှိပြီး ကရင်နီ၊ပအိုဝ်း၊ ဗမာစ​သော​စစ်​ဘေး​ရှောင်များရှိပြီး အများဆုံးမှာကရင်နီစစ်​ဘေး​ရှောင်များဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

AHA စင်တာက အာဆီယံဥက္ကဌ အင်ဒိုနီးရှာဦး​​ဆောင်၍ NUG ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊စစ်​ဘေး​ရှောင်ကူညီ​​ပေး​သောအရပ်ဖက်အဖွဲ့အစည်းအချို့ ၊စစ်​ကောင်စီအပါအဝင် သက်ဆိုင်သူများနှင့်​အကြိမ်ကြိမ်​တွေ့ဆုံ​ဆွေး​နွေး၍ စစ်​ဘေး​ရှောင်များကို စတင်ကူညီနိုင်ရန် စီစဥ်​နေခြင်းဖြစ်​ကြောင်းသံတမန်တချို့က​ပြောသည်။

အဆိုပါ သံတမန်ယာဉ်တန်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ပအိုဝ်းတော်လှန်ရေးတပ်ဖွဲ့ PNLO ထံသို့ ဆက်သွယ်ရာ လတ်တလော မှတ်ချက်ပေးရန်မရှိသေးဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။