မန္တလေးက နာမည်ကြီး ပုဂ္ဂလိက ဆေးရုံ ၃ ရုံကို ယာယီပိတ်ခိုင်းထားရာကနေ လုပ်ငန်းလိုင်စင်ပါ စစ်ကောင်စီက ပိတ်သိမ်းလိုက်ပါတယ်။
လိုင်စင်ပိတ်သိမ်းခံရတဲ့ ပုဂ္ဂလိက ဆေးရုံတွေဟာ မြို့တော်ဆေးရုံ ၊နန်းတော်ဆေးရုံနဲ့ ကံ့ကော်ဆေးရုံ တို့ပဲဖြစ်ပါတယ်။
အဲဒီဆေးရုံတွေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုအလုပ်ပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစတင်ပြီး စစ်ကောင်စီက ဖိအားပေးကာ လက်ရှိအချိန်ထိယာယီပိတ်ခိုင်းထားတာပါ။

ဒီနှစ်ဖေဖော်ဝါရီလထဲမှာ ပြုလုပ်တဲ့ စစ်ကောင်စီ ရဲ့ ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေးမှာတော့ ဆေးရုံ ၃ ရုံ ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကစတင်ပြီး လိုင်စင်ပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

လူထုနွေဦးသတင်းဌာနက ဖတ်ရှုရတဲ့ စစ်ကောင်စီရဲ့အမိန့်ကြေညာချက်မှာ မြို့တော်ဆေးရုံ ၊နန်းတော်ဆေးရုံနဲ့ ကံ့ကော်ဆေးရုံ တွေကို ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာဥပဒေ ပုဒ်မ ၁၉(က)အရ လိုင်စင်ပယ်ဖျက်တာလို့အကြောင်းပြထားတာတွေ့ရပါတယ်။
အဲဒီ ပုဒ်မ ၁၉(က)ဟာ လိုင်စင်ပါ စည်းကမ်းတွေကို လိုက်နာဖို့ ဖော်ပြတဲ့ ပုဒ်မဖြစ်ပါတယ်။

မန္တလေးက ဆေးရုံ ၊ဆေးခန်းတွေမှာ CDM ကျန်းမာရေးဝန်ထမ်းတွေကို ခန့်ထားတာရှိမရှိ စစ်ကောင်စီတပ်က ရှောင်တခင်ဝင်ရောက်စစ်ဆေးတာတွေရှိခဲ့ပါတယ်။
ဒါအပြင် လူနာဟန်ဆောင်ပြီး CDM အထူးကုဆရာဝန်ကြီးတွေကို ဖမ်းဆီးတာရှိသလို CDM တွေကို အလုပ်ခန့်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဆေးခန်းပိုင်ရှင်တွေဖမ်းခံရပြီး ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခံရတာတွေလည်းရှိခဲ့ပါတယ်။
