▪︎ပိုက်လိုင်းအစောင့်စခန်းမှစစ်သား ၄ဦးသေဦးPDFပြော
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှ ဖြတ်သန်းသွယ်တန်းထားသော တရုတ်-မြန်မာသဘာဝဓာတ်ငွေ့ ပိုက်လိုင်း၏အစောင့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ညတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးသွားကြောင်း PDF အချို့ကပြောသည်။
သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအစောင့် စခန်းဖြစ်သည့် မင်းဂံစစ်ဆေးရေးစခန်းကို ယမန်နေ့(မေလ ၂၂ရက်) ည ၈နာရီခွဲတွင် စတင်တိုက်ခိုက်ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“ဒုန်းနဲ့ချတယ်။ အနီးကပ်ကပ်ပစ်တယ်။ စစ်တပ်ဘက်က လေးယောက်သေတယ်။ ကျွန်တော်တို့ဘက်ကထိခိုက်တာမရှိဘူး” ဟု အဆိုပါရဲဘော်ကပြောသည်။

စစ်ကောင်စီတပ်သားများသေဆုံးထိခိုက်မှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။မင်းဂံစခန်းသည် တောင်သာမြို့နှင့် မိုင်ဝက်ခန့်သာဝေးသည်။
အဆိုပါတိုက်ခိုက်မှုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုသည် ပိုက်လိုင်းကိုတိုက်ခိုက်ခြင်းမဟုတ်ဘဲ စစ်တပ်ဂိတ်စခန်းကိုသာ ဦးတည်တိုက်ခိုက်သွားခြင်းဟု မြို့ခံများကပြောသည်။
တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် တောင်သာမြို့နယ်အတွင်း ၂၂မိုင်ဖြတ်သွားသည်။
ပိုက်လိုင်းတလျှောက်တွင်စစ်ကောင်စီတပ်ကမိုင်းမျာထောင်ထားသည်ဟုသိရသည်။ထိုမိုင်းများပေါက်ကွဲမှုကြောင့်ဒေသခံပြည်သူနှင့်တိရိစ္ဆာန်ထိခိုက်မှု မကြာခဏရှိနေသည်ဟု ဒေသခံများကပြောသည်။
