မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်များအား သတိပေးထားသည့် ဆိုင်းဘုတ်လာဖြုတ်သော ပျူများမိုင်းထိပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း Never Give Up Fighter Force(ပြင်ဦးလွင်ခရိုင်ပကဖ)အဖွဲ့က ပြောသည်။
ယမန်နေ့ (မေလ ၂၃ ရက်) နံနက် ၃နာရီခွဲကျော် က မတ္တရာမြို့နယ်၊ ကျုံးကျေးရွာအနီး ရွှေတချောင်းပေါင်ပေါ်တွင် ပျူခေါင်းဆောင် ဝင်းဆွေ၊ ဘိုသန်းနှင့် အပေါင်းအပါများအား သတိပေးထားသော ဆိုင်းဘုတ်ကို လက်လုပ်မိုင်းဖြင့် တွဲ၍ ထောင်ထားခဲ့သည်။
ထို့နောက် နံနက် ၆ နာရီခန့်တွင် ပျူများက အဆိုပါ ဆိုင်းဘုတ်အား လာဖြုတ်စဥ် ပေါက်ကွဲ၍ နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း Never Give Up Fighter Force အဖွဲ့က ပြောသည်။
“ပျူတွေက ရွှေချောင်းကပါ။ ၁၂ယောက်လောက် ပါပါတယ်။ သူတို့ဖာသာ ပြည်သူမသိအောင်ဘဲသိုသိုဝှက်ဝှက်လုပ်သွားတုန်းထိတာပါ။”ဟု Never Give Up Fighter Force အဖွဲ့၏ တာဝန်ခံက ပြောသည်။
သို့သော် ထိခိုက်မှုအခြေအနေနှင့် ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးပြီး ဒေသခံပြည်သူများအား ဖမ်းဆီးရိုက်နှက်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။
