အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလသည် လွတ်မြောက်နယ်မြေတစ်နေရာအတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများထံသို့ သွားရောက်အားပေးခဲ့ကြောင်း ယာယီသမ္မတက ယနေ့ ထုတ်ပြန်သည်။
မုန်တိုင်းဒဏ်သင့် ပြည်သူများကို အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သော်လည်း သွားရောက်သည့် အရပ်ဒေသနှင့် နေ့ရက်ကိုမူဖော်ပြထားခြင်းမရှိပေ။

မုန်တိုင်းသင့်ပြည်သူလူထုများထံသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ အကူအညီပေးမှုများကို အရပ်ဖက်အဖွဲ့အစည်းများနှင့်လည်း လက်တွဲဆောင်ရွက်ပေးလျက်ရှိကြောင်းအသိပေးသည်။
မိုခါမုန်တိုင်းကြောင့် ရခိုင် ပြည်နယ်မှာ အဆိုးရွားဆုံးပျက်စီးခဲ့ပြီး၊ ချင်း ပြည်နယ် ၊စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။
မုန်တိုင်းကြောင့် ရခိုင်တွင်နေအိမ် ၁၆၀၀၀ ကျော်၊ ချင်းတွင် နေအိမ် ၃၀၀၀ နီးပါး တို့အတွက် အရေးပေါ် အမိုးအကာ ထောက်ပံ့ပေးခြင်း ကို ဆက်လက်ဖော်ဆောင်လျက်ရှိသည်ဟု ဖော်ပြထားသည်။ NUG အနေဖြင့် ရခိုင်ဒေသ မုန်တိုင်းသင့်ပြည်သူများအတွက်လည်း ရက္ခိုင့်တပ်တော်(AA)မှတစ်ဆင့် ကျပ်သိန်း ၁၀၀၀ လှူဒါန်းထားသည်။

Public Service Announcement

ထို့အပြင်မုန်တိုင်းသင့်ဒေသများမှ သက်ဆိုင်ရာ ပြည်နယ်အတိုင်ပင်ခံကောင်စီ၊ တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်အဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးတာဝန်ခံများ၊ မြေပြင်တွင် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ပေးနေသည့် လူမှုရေးအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့်လက်တွဲ၍ အရေးပေါ် လိုအပ်ချက်များဖြစ်သည့် စားနပ်ရိက္ခာ အမိုးအကာ နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း NUG၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးထားသည်။ မုန်တိုင်းမကျမီ အချိန်မှ စ၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ကျပ်သန်း၂၄၀ နီးပါး ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြည်သူ တစ်သန်းခြောက်သိန်းကျော် ထိခိုက်ခဲ့ပြီး ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဒေါ်လာ သန်း ၃၀၀ ကျော်လိုအပ်ကြောင်းကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

NUG က မုန်တိုင်းကြောင့် သေဆုံးသူ ၅၀၀ ကျော်ရှိကြောင်းထုတ်ပြနမယ်ထားသော်လည်း စစ်ကောင်စီကမူ၁၄၀ ကျော်သာသေဆုံးကြောင်းထုတ်ပြန်သည်။ ကယ်ဆယ်ရေးနှင့်ကူညီရေးဆောင်ရွက်သူများက ရခိုင်ပြည်နယ်မှာပင်သေဆုံးသူ ၄၀၀ ကျော်ရှိပြီးအများစုမှာ ရိုဟင်ဂျာ ဒုက္ခသည်များဖြစ်ကြောင်း ပြောသည်။သို့သော်စစ်တပ်က သေဆုံးစာရင်းများကို ပိတ်ပင်ပြီးနောက် ကယ်ဆယ်ရေးလုပ်ကိုင်သူများမှာ သေဆုံးပျက်စီးဆုံးရှုံးမှု စာရင်းများကိုမပြောရဲကြတော့ပေ။
စစ်ကောင်စီနှင့် စစ်တပ်ထောက်ခံသူများက NUG အစိုးရကို ပြည်ပြေးအစိုးရ ၊ လေလှိုင်းပေါ်ကအစိုးရဟုအစဥ်အမြဲ ဝေဖန်လေ့ရှိသည်။ယခုတစ်ပါတ်အတွင်း NUG မှဝန်ကြီးနှင့် ဒုတိယသမ္မတတို့က ပြည်တွင်းမှာပင်ရှိနေကြောင်း သတင်းဓါတ်ပုံများနှင့်တစ်ကွထုတ်ပြန်လာခြင်းဖြစ်သည်။ NUG ပြည်ထဲရေးဝန်ကကြီးဦးလွင်ကိုလတ်မှာလည်း ပဲခူးတိုင်းရှိ ရှေ့တန်းစစ်မြေပြင်တွင် PDF များနှင့်သွားရောက်တွေ့ဆုံပုံများကို ယခုတစ်ပါတ်အတွင်းထုတ်ပြန်ခဲ့သည်။

ယာယီသမ္မတသည် ယခင်ကလည်း ရှေ့တန်းစခန်းများသို့သွားရောက်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များကို သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားခဲ့ဖူးသည်။ အလားတူ ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်း၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်နှင့် စီမံဘဏ္ဍာဝန်ကြီးဦးတင်ထွန်းနိုင်တို့သည်လည်း ပြည်တွင်းရှိ ရှေ့တန်းတပ်စခန်းများနှင့် ရှေ့တန်းစစ်မြေပြင်များသို့ သွားရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို အသိပေးထုတ်ပြန်ထားသည်။
