▪︎စစ်တပ်မှ ၁၀ ဦးထက်မနည်းသေ၊ ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူ ၂ ဦးဒဏ်ရာရ
မိုးဗြဲမြို့ထဲသို့ အင်အားအများအပြားဖြင့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ပေါင်းစုတို့ ယနေ့၈ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။
“မိုးဗြဲ မြို့ရဲ့ အဝင်အထွက်လမ်းတွေကို စကစ ဘက် က ပိတ်လိုက်တယ်။ပြီးတော့ ညောင်ဝိုင်း ရပ်ကွက် ဘက်မှာ သူတို့ တပ်စွဲထားတဲ့နေရာ ကို အားဖြည့် တယ်။အဲဒကြောင့် တိုက်ပွဲ က ပြင်းထန်တာ။လက် နက်ကြီးက လည်း တနေကုန်နီးပါးကျတာ။ဒဏ်ရာရသေဆုံးတဲ့ပြည်သူအချို့ရှိတယ်”ဟု မိုးဗြဲ မြို့ခံစစ်ရေး သတင်းရင်းမြစ်က People’s Spring သို့ပြောသည်။

ယနေ့(ဇွန်လ ၅ ရက်)နံနက်ပိုင်းကစ၍ ညနေပိုင်းအထိတစ်နေကုန်နီးပါးပြင်းထန်စွာဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရသူများပြားကာ ၊ကရင်နီပူးပေါင်းတပ်မှ ၂ ဦးဒဏ်ရာရရှိခဲ့ ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က လည်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ကို (MBPDF B-01) ၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-03) နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF)တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တာဝေးပစ်လနက်ကြီးပစ်ကူမှု အကြိမ် (၁၀၀) ထက်မနည်း အသုံးပြုပစ်ခတ်ခဲ့ခြင်းကြောင့် အသက် (၁၀) နှစ်အောက်ကလေး ငယ်တစ်ဦး သေဆုံးခဲ့သည်။ထိုအပြင် အရပ်သားနေအိမ် (၂) လုံးမီးလောင်ကာနေအိမ်အချို့ပျက်စီးခဲ့သည်။

အလားတူ ယမန်နေ့ညတွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့်ပစ်ခတ်သောကြောင့် မိုးဗြဲမြို့ခံ အရပ်သားပြည်သူ (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လက်ရှိ မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ် များအကြား စစ်ရေးအခြေအနေတင်းမာလျှက်ရှိရာ ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများနှင့် အနီးတစ်ဝိုက်တွင် အသွားအလာများ မပြုလုပ်ရန် နှင့် လွိုင်ကော်-ပင်လောင်း လမ်းမကြီးကို အသုံးမပြုရန် မိုဗြဲPDF ကသတိပေးထားသည်။
