ပြည်တွင်း၌ ဆန်အရောင်းအဝယ်ပြုလုပ်ရာတွင် ပြည်ပဘဏ်ငွေစာရင်းဖြင့်ငွေကြေးလွှဲပြောင်းလက်ခံခဲ့သည်ဆိုကာကုမ္ပဏီသုံးခုကိုစစ်ကောင်စီက အမည်ပျက်စာရင်းသွင်းလိုက်ကြောင်းယနေ့ထုတ်ပြန်လိုက်သည်။
နိုင်ငံခြားငွေလိုအပ်ချက်ကြီးမားနေသည့် စစ်ကောင်စီက ဆန်တင်ပို့ရာမှ ရရှိသည့် နိုင်ငံခြားငွေဒေါ်လာများကို ပိုမိုတင်းကြပ်နေပြီး ၎င်းတို့ ချုပ်ချယ်မှုများကို လက်မခံသည့် ကုမ္ပဏီကို ပြင်းပြင်းထန်ထန်အရေးယူနေခြင်းဖြစ်သည်ဟုစီးပွားရေးလုပ်ငန်းရှင်များကပြောသည်။
စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းလိုက်သည့် ကုမ္ပဏီ သုံးခုမှ Paing Family International , Millionaire Phyo Trading နှင့် ဧရာသုခစံကုမ္ပဏီတို့ဖြစ်ကြောင်းစစ်ကောင်စီ၏ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။ ထိုကုမ္ပဏီ ၃ ခုမှာ ပြည်တွင်း၌ ဆန်ရောင်းဝယ်ရာတွင် ပြည်ပဘဏ်ငွေစာရင်းများသို့လွှဲပြောင်းမှုလက်ခံခဲ့သည်ဟုစစ်ကောင်စီကစွပ်စွဲထားသည်။
“စစ်ကောင်စီက ဆန်တင်ပို့ရာက ဒေါ်လာအမြောက်အများရနေတာ။ ဒီရပေါက်ကိုယိုပေါက်မရှိစေချင်လို့ပြင်းပြင်းထန်ထန်လုပ်နေတာ”ဟုလုပ်ငန်းရှင်တစ်ဦးကပြောသည်။
စစ်ကောင်စီက ကုမ္ပဏီ ၄၁ခုကတဆင့် ၂၀၂၃ မေတစ်လတည်းမှာပင် ပြည်ပသို့ ဆန်ချိန် တသိန်းကျော်တင်ပို့ခဲ့သည်။

Public Service Announcement
၂၀၂၁၂-၂၃ဘဏ္ဍာနှစ်တွင် စစ်ကောင်စီက ပြည်ပကို ဆန်တန်ချိန် ၂ ဒသမ ၆ သန်းတင်ပို့ခဲ့ပြီး ဒေါ်လာ ၈၅၃ သန်းရရှိခဲ့သည်။ ယခုဘဏ္ဍာနှစ်တွင်လည်း ဆန်တန်ချိန် ၂ ဒသမ ၅ သန်းတင်ပို့ပြီး ဒေါ်လာ တစ်ဘီလီယံရှာဖွေရန် စီစဥ်နေသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ပို့ကုန်တင်ပို့သူများသည် ၆လအတွင်း ပို့ကုန်ရငွေ(နိုင်ငံခြားငွေ)များကို ပြည်တွင်းကို မပျက်မကွက် ပြည်လည်ယူဆောင်ရမည်ဟု သတ်မှတ်ထားသည်။ လက်ရှိတွင် ထိုခြောက်လအစား ၃ လအဖြစ်ပြောင်းလဲသတ်မှတ်ထားသည်။
ထို့အပြင်စစ်ကောင်စီက ပို့ကုန် ကုမ္ပဏီများကို ၎င်းတို့ထိန်းချုပ်ထားသော MFTB ဘဏ်တွင် မဖြစ်မနေ ငွေစာရင်းဖွင့်စေသည်။ထိုနောက်ပြည်ပသို့ပို့ကုန်တင်ပို့ရမှ ရရှိသောပို့ကုန်ရငွေ ဒေါ်လာများထဲမှ ၆၅ ရာခိုင်နှုန်းအား ၁ ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် စစ်ကောင်စီကို မဖြစ်မနေရောင်း
ချခိုင်းသည်။လက်ရှိတွင် ၁ ဒေါ်လာလျှင် ၃၀၀၀ ကျပ်အထက်ဈေးပေါက်သဖြင့် ၁ ဒေါ်လာရောင်းတိုင်းလုပ်ငန်းရှင်များမှာ ကျပ် ၉၀၀ ကျော်ဆုံးရှုံးပြီး စစ်ကောင်စီက ခေါင်းပုံဖြတ်ယူထားခြင်းဖြစ်သည်။ထိုကြောင့် ဆန်များများတင်ပို့နိုင်လျှင် စစ်ကောင်စီလိုအပ်နေသောဒေါ်လာရသလို ၊ဒေါ်လာလဲနှုန်းလျော့ထားပြီး ခေါင်းပုံဖြတ်ရာမှ ရသောငွေလည်းပိုရလေဖြစ်သည်။
စစ်ကောင်စီက ပို့ကုန်ရငွေများ ပြန်လည်မယူဆောင်လာသည့် ကုမ္ပဏီ ၁၅၈ ခု၏ ဒါရိုက်တာများကို အမည်ပျက်စာရင်းသွင်းထားသည်။
အထက်မြန်မာနိုင်ငံ၏ စပါးကျီ စစ်ကိုင်းတိုင်းတွင်စစ်ကောင်စီတပ်က ရွာများကိုမီးရှို့ ၊ပြည်သူများကို သတ်ဖြတ်အကြမ်းဖက်သဖြင့် ပြည်သူသိန်းပေါင်းများစွာထွက်ပြေးနေရသည်။နိုင်ငံတစ်ဝန်းစစ်တပ် အကြမ်းဖက်မှုကြောင့် ပြည်သူများသန်းနှင့်ချီ ထွက်ပြေးနေရပြီး လယ်ယာလုပ်ငန်းများကောင်းစွာမလုပ်နိုင်ချိန်တွင် ဒေါ်လာလိုနေသည့် စစ်ကောင်စီနှင့် ဆန်စပါးအသင်းချုပ်တို့က ယခင်နှစ်များထက် ဆန်ကိုပြည်ပတင်ပို့နေခြင်းဖြစ်သည်။ ရသမျှ ဆန်ကို ပြည်ပတိုးပို့နေသောကြောင့်ပြည်တွင်း၌ ဆန်ဈေးများကြီးလာပြီး ဆန်ပိုရှားပါးလာနေသည်။
စစ်ကောင်စီက အာဏာသိမ်းပြီး နောက်ပိုင်း ပြည်ပမှ လက်နက်များကို ဒေါ်လာ ၁ ဘီလီယံကျော်ဖိုးဝယ်ယူတင်သွင်းခဲ့သည်။ထို့အပြင်စစ်ကောင်စီက လေယာဥ်ဆီဝယ်ယူရန်အတွက်ကိုလည်းဒေါ်လာသန်းရာချီအသုံးပြုထားသည်။
