မတ်-၁၇ ၊၂၀၂၆။မိုမို/People’s Spring
စက်သုံးဆီအခက်အခဲကြောင့် အိမ်အရောက်ပို့စနစ်နဲ့ ဆန်ရောင်းတာကို ဒီနေ့မတ်လ ၁၇ရက်ကစပြီး ရပ်နားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ပါတယ်။
ကမ္ဘာ့နဲ့တဝှမ်းဖြစ်ပေါ်နေတဲ့ စက်သုံးဆီအခြေအနေတွေအရ Home Deliveryကိုအချိန်နဲ့အညီပေးပို့ဖို့ အခက်အခဲရှိနေတာကြောင့်လို့ မတ်လ ၁၆ ရက်က ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
“ပုဂ္ဂလိကလုပ်ငန်းတွေတောင် အိမ်အရောက်ပို့တာကို လုပ်ပေးနိုင်သေးတာကို နိုင်ငံတော်အဆင့် အဖွဲ့အစည်းတစ်ခုက မလုပ်ပေးနိုင်ဘူးဆိုတာ ကြားလို့မကောင်းသလို အခုလည်း စျေးထဲ ဆန် စျေးတွေ တက်နေပါပြီ”လို့ ရန်ကုန်မြို့နေပြည်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက်ဆိုပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ဆန်စပါးကုန်သည်အသင်းက ရန်ကုန်မြို့နေအိမ်အရောက်ဆန်ပို့ရောင်းချတဲ့ စနစ်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကစခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အလွယ်တကူ မှာယူလို့မရတာနဲ့ မှာတဲ့ ပို့တဲ့ဆန်အမျိုးအစားကွဲလွဲတာတွေ ရှိခဲ့ပါတယ်။
လက်ရှိ အခြေခံစားသောက်ကုန်စျေးကွက်ထဲမှာဆန်စျေးက ၂၄ပြည် တစ်အိတ်ကို ကျပ် ၁၀,၀၀၀ ကနေ ၂၅,၀၀၀ ဝန်းကျင် မြင့်တက်သွားတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။
ဒါ့အပြင် အခုတစ်ပတ်အတွင်းမှာပဲ ဆီ၊ကြက်ဥ နဲ့ အသားတွေဟာ ၁၀ ရာခိုင်နှုန်းဝန်းကျင် စျေးတက်နေတယ်လို့ သိရပါတယ်။
စက်သုံးဆီအလုံအလောက်ရှိတယ်လို့ ကြေညာထားပေမယ့် စစ်ကောင်စီရဲ့ စက်သုံးဆီကန့်သတ်ထိန်းချုပ်တဲ့ မူဝါဒတွေကြောင့် သွားလာရေးအခက်အခဲတွေက ပိုကြပ်တည်းလာတယ်လို့လည်း ရန်ကုန်မြို့နေပြည်သူတွေက ဝေဖန်နေပါတယ်။


















































