Connect with us

Hi, what are you looking for?

သတင်း

တပ်က ရိက္ခာစုနေတဲ့ စစ်တွေမှာ ဆန်အပါအဝင် စားသောက်ကုန်တွေ စျေးအဆမတန်မြင့်တက်နေ

အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ စစ်တပ်က ရိက္ခာစု​နေတာ​ကြောင့် ဆန်အပါအဝင် စားနပ်ရိက္ခာ၊ သားငါး နဲ့ စက်သုံးဆီရှားပါးလာပြီးစျေးတွေအဆမတန်တက်နေလို့ ဒေသခံတွေ က ပြောပါတယ်။

(စစ်တွေမြို့ဈေးမှာ တွေ့ရတဲ့ ဈေး၀ယ်နေသူတွေ။ ။ ဓါတ်ပုံ-MOI)

ဇွန်-၂၉၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ စစ်တပ်က ရိက္ခာစု​နေတာ​ကြောင့် ဆန်အပါအဝင် စားနပ်ရိက္ခာ၊ သားငါး နဲ့ စက်သုံးဆီရှားပါးလာပြီးစျေးတွေအဆမတန်တက်နေလို့ ဒေသခံတွေ က ပြောပါတယ်။

စစ်တပ်ကစစ်တွေမြို့အဝင်အထွက်ကို ပိတ်ဆို့ထားတာကြောင့် မြို့ခံတွေဟာ ဆန်အပါအဝင်စားနပ်ရိက္ခာ၊ ကုန်စည်၊ ဆေးဝါးတွေအတွက် စစ်တပ်ခွင့်ပြုချက်နဲ့ ရန်ကုန်ကလာတဲ့ ကုန်သင်္ဘောတွေကိုသာ အားကိုးနေကြရတာပါ။ လက်ရှိမှာတော့ စစ်တွေမြို့ကို ကုန်သင်္ဘောတွေအဝင်အထွက်ရှိပေမယ့် ပါလာတဲ့ဆန်နဲ့ ကုန်စည်အများစုကို တပ် ရိက္ခာအတွက် ယူနေကြတာကြောင့် စျေးတက်နေတာလို့ မြို့ခံတွေကပြောကြပါတယ်။

“သင်္ဘောတွေ အဝင်အထွက်ကတော့ ပုံမှန်ပဲ ရှိတယ်။ဒါပေမယ့် ပါလာတဲ့ဆန်အများစုကို တပ်ထဲယူသွားတယ်။တပ်ရိက္ခာတွေများနေတယ်။ အဲလိုဆိုတော့ ဆန်ဆိုင်တွေက ဆန်အများကြီးမရတော့ဘူး။ ဆန်အဓိက စျေးတက် တယ်။ နောက်စား ဆီတွေ၊ ဓါတ်ဆီတွေလည်း တက်တယ်” လို့ စစ်တွေမြို့မှာနေထိုင်တဲ့ ကုန်စုံဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တွေမြို့အနီးပတ်လည်မှာ အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်ဆင်တွေကို ရင်ဆိုင်နေရချိန် အာဏာသိမ်းစစ်တပ် က အခုလို ရိက္ခာတွေ စုဆောင်းနေတာပါ။

စစ်တွေမြို့မှာ အရင်ကကျပ်နှစ်သိန်း ၊ ကျပ်နှစ်သိန်းသုံး​သောင်းဝန်းကျင်သာ ရှိခဲ့တဲ့ ဆန်တအိတ်ဟာ အခုအခါ ကျပ်သုံးသိန်းကနေ ကျပ်သုံးသိန်းနှစ်​သောင်း ဝန်းကျင်ထိ စျေးရှိပါတယ် ။ ဒါ့အပြင် အရင် ကျပ် ၁၀၀၀၀ ဝန်းကျင်ရှိခဲ့တဲ့ စားဆီတလီတာကို အခုအခါ ကျပ် ၁၂၀၀၀ ဝန်းကျင်စျေးရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဝက်သားတစ်ပိဿာကို ကျပ် ၁၀၀,၀၀၀၊ အမဲသားတစ်ပိဿာကို ကျပ် ၉၀,၀၀၀နဲ့ ငါးတပိဿာကို ကျပ် ၄၀,၀၀၀ ကနေ ကျပ် ၆၀,၀၀၀ ထိ စျေးရှိနေပြီး စက်သုံးဆီတလီတာကို ကျပ် ၁၉,၀၀၀ စျေးရှိနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

“ငါးတွေက စျေးတက်တာမရှိဘူး။အရင်ကတည်းက စျေးတက်နေတာ၊ အခုလည်း အဲဒီအတိုင်းပဲ၊ ငါးဖမ်းခွင့်က မရ ဘူးလေ” လို့ စစ်တွေမြို့ဘုမေရပ်ကွက်မှမူဆလင်အမျိုးသားတဦးက ပြောပါတယ်။ အဲဒီလို အခြေအနေမှာငွေကြေးချမ်းသာသူတွေဟာစားသောက်ကုန်တွေ အများအပြားဝယ်ယူပြီး စုဆောင်းနေကြတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲတွေ ပြင်းလာတော့ပိုက်ဆံရှိတဲ့သူတွေကုန်စုကြတယ်။စားဖို့ရော၊ ရောင်းဖို့ရော နေမှာပေ့ါ။ မတတ်နိုင်တဲ့သူတွေကတော့ ငတ်သူ ငတ်ကြတယ်။ (ဆန်)တရက်စာတောင် ပုံမှန်မဝယ်နိုင်တဲ့သူတွေအများကြီးပါ စစ်တွေ မြို့မှာ” လို့ စစ်တွေမြို့ပေါ် စစ်ဘေးရှောင်စခန်းတခုမှ အမျိုးသမီးတဦးက ပြောပါတယ်။

လက်ရှိမှာ စစ်တွေမြို့နဲ့ လေးမိုင်ဝန်းကျင်အကွာ ရွှေမင်းဂံရေတပ်စခန်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)အနီး နာရီကန်ကျေးရွာတဝိုက်နဲ့ ပုဏ္ဏားကျွန်း၊ စစ်တွေအစပ်နေရာတွေမှာရှိတဲ့ စစ်တပ်စခန်းတွေကို AA က မြေပြင်ထိုးစစ်ဆင်နေပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်၊ တိုက်ခိုက်နေပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း AA က ရှေ့တန်းကာကင်းစခန်းအချို့ သိမ်းပိုက်ရရှိထားပြီး စစ်တပ်ဘက်က အကျအဆုံး လည်း ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

“တိုက်ပွဲကတော့ ရှိနေတာပဲ။ ကိုယ့်ဘက်က အပြင်းအထန်အလုပ်လုပ်နေတာရှိတယ်။ စစ်တွေလို့မဟုတ်၊ နေရာ တိုင်းမှာ လုပ်နေတာပဲ။ စစ်ရေးအောင်မြင်မှုရတယ်၊ စစ်တွေမှာ စခန်းတွေသိမ်းရတာကျတော့ ထုတ်ပြောဖို့ စော သေးလို့ပါ”လို့ AA နဲ့ နီးစပ်တဲ့ စစ်တွေဒေသခံ စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။

ရခိုင်ဒေသတခုလုံးကို အပြီးပြတ်သိမ်းပိုက်သွားမယ်လို့ မကြာခဏထုတ်ပြောထားတဲ့ AA ဟာ ရခိုင်ပြည်နယ်အ တွင်းက လက်ကျန်မြို့ဖြစ်တဲ့ စစ်တွေကို ၂၀၂၆နှစ်ဆန်းကတည်းက ထိုးစစ်တွေ မကြာခဏ လုပ်ပြီး ကာကင်းစ ခန်းတွေ သိမ်းယူနေခဲ့တာပါ။

အခုအခါ AA ဟာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်ရှိ ကံ့ကော်ကျွန်းအပါအဝင် ရှေ့တန်းကာ ကင်းစခန်းအချို့ကို သိမ်းပိုက်ထားပါတယ်။ စစ်တွေမြို့နယ်မှာ ဒကစ စစ်တွေ အခြေစိုက်ထားပြီး အခြားအခြေစိုက် တပ်ရင်းတွေ၊ လက်ရုံးတပ်တွေအပါအဝင် တပ်ရင်းတပ်ဖွဲ့ပေါင်း တဆယ်ဝန်းကျင်ရှိပါတယ်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီး ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ဇွန်၂၉ရက် မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦး သေဆုံးခဲ့တယ်လို့ မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာကြီးတွေကို ထိန်းချုပ်ဖို့စစ်တပ်က DKBA နဲ့ BGF ခေါ်ပြီး တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က နေ့စဉ်နီးပါး လေကြောင်းပစ်ကူပေး တိုက်ခိုက်လျက်ရှိရာ ဇွန်လ ၂၃ရက်ကနေ ဒီကနေ့ ဇွန် ၂၉ရက်မနက်အထိ အကြိမ်ရေ ၁၀၀ ခန့် လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။