Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စုအားအရေးယူနိုင်မည့် နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့်တစ်နိုင်ငံချင်းတရားစွဲဆို အရေးယူမှုကြိုးပမ်းပေးရန် NUG တောင်းဆို

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာမရွာရှိ စာသင်ကျောင်းဆောင်အား အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှု ဖြစ်စဉ်နှင့်ပတ်သက်သည့် ကြေညာချက်တွင် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စုအားအရေးယူနိုင်မည့် နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့်တစ်နိုင်ငံချင်းတရားစွဲဆို အရေးယူမှုကြိုးပမ်းပေးရန် NUG တောင်းဆို
စစ်အုပ်စုအားအရေးယူနိုင်မည့် နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့်တစ်နိုင်ငံချင်းတရားစွဲဆို အရေးယူမှုကြိုးပမ်းပေးရန် NUG တောင်းဆို

စစ်ကောင်စီ၏အကြမ်းဖက်မှုကြောင့် (၁၈)နှစ်အောက် ကလေးငယ် ၅၀၀ခန့်အသက်ဆုံးရှုံးရ၊ စာသင်ကျောင်း ၁၁၉ကျောင်း ပျက်စီးခဲ့ဟုအသိပေး

အကြမ်းဖက်စစ်အုပ်စုအား အရေးယူနိုင်မည့် နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့်တစ်နိုင်ငံချင်းတရားစွဲဆိုအရေးယူရန်အတွက် ကြိုးပမ်းလုပ်ဆောင်ကြရန်တောင်းဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာမရွာရှိ စာသင်ကျောင်းဆောင်အား အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှု ဖြစ်စဉ်နှင့်ပတ်သက်သည့် ကြေညာချက်တွင် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ထို့ပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် လုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (UN Security Council Resolution 2669) နောက်ဆက်တွဲအဖြစ် အကြမ်းဖက်စစ်အုပ်စုကို ပိုမိုထိရောက်သည့် စီးပွားရေးပိတ်ဆို့မှုများ၊ လေယာဉ်ဆီအပါအဝင် စစ်လက်နက်များတင်ပို့ရောင်းချမှုများအား ပိတ်ဆို့မှုတို့ပါဝင်သော ဆုံးဖြတ်ချက်သစ်နှင့် အရေးယူဆောင်ရွက်မှုများ ထွက်ပေါ်လာအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးရန် အချိန်ကျရောက်နေပြီဖြစ်ကြောင်းလည်း NUGက ထုတ်ပြန်သည်။

စက်တင်ဘာ၂၇ရက်က စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာမရွာ၊ ဘူတာစုရပ်ရှိ၊ ခန္တီဝံသာရာမကျောင်းတိုက်ကို ဝန်းသိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စု ခမရ-၁၂၀ အထိုင်တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းနှင့် ကပ်လျက်ရှိ ကျေးရွာအခြေပြုပြည်သူ့ပညာရေး စာသင်ကျောင်းဆောင်၌ စာသင်ကြားနေသည့် ဆရာမ တစ်ဦးနှင့် ကလေးငယ်(၂၁)ဦး၊ စုစုပေါင်း (၂၂)ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ NUGက ယနေ့နံနက်တွင် သတင်းစာရှင်းလင်းမှု ပြုလုပ်ခဲ့ရာ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ မျက်မြင်သက်သေ ဂျိုးတောင်ကျောင်းတာဝန်ခံ ဆရာမ ဒေါ်မြမြ၊ မြေပြင်၌ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် သူနာပြုဆရာ ဒေါ်ဝင်းဝင်းတို့က ရှင်းလင်းပြောကြားခဲ့သည်။

“တိုက်ပွဲလုံး၀မရှိဘဲနဲ့ အရပ်သား ပြည်သူတွေနေထိုင်တဲ့ နေရာဒေသကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တဲ့အကြောင်းအရာဖြစ်ပါတယ်။ ဒီအကြောင်းအရာကတော့ သာမန်တိုက်ခိုက်မှုတင်မကဘဲနဲ့ ကလေးသူငယ်တွေစာသင်ကြားနေတဲ့ စာသင်ကျောင်းကို ထိခိုက်တယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာ အသက်အရွယ် ငယ်ရွယ်တဲ့ ကလေးသူငယ်တွေ ပါဝင်နေမှု နောက်တစ်ခုက တိုက်ခိုက်မှုဟာ တကယ့်ကို အရှိန်အဟုန်ပြင်းတဲ့ လူအများကို ထိခိုက်ဒဏ်ရာရစေတဲ့ လက်နက်ကြီးတွေ အသုံးပြုတယ်ဆိုတဲ့ အချက် သုံးချက်ပါဝင်နေတာတွေ့ရပါတယ်” ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

ပစ်ခတ်သည့် လက်နက်ကြီးသည် (၁၀၅) မမ ဟောင်ဝစ်ဇာအမျိုးအစား လက်နက်ကြီးဖြစ်သည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

မျက်မြင်သက်သေ ဆရာမဒေါ်မြမြကလည်း “စဖြစ်ကာစက ကျမတို့ အသံကို အရင်စကြားရတယ်။ ရွှီဆိုတဲ့ အသံကြားလိုက်တာနဲ့ ကျမတို့နဲ့ ကလေးတွေ အကုန်လုံးမတ်တပ်ရပ်လိုက်ပါတယ်။ ကျမတို့က ကျောင်းမကြီးရဲ့ ဒီဘက် ဓမ္မာရုံပေါ်မှာပါ။ အခုဖြစ်တာက ကျောင်းမကြီးရဲ့ မြောက်ဘက်ခြမ်းက ထမင်းစားရုံမှာ ဖြစ်တာပါ။ကျမတို့ က ဒီဘက်ကျောင်းမှာ စာသင်နေတဲ့အချိန် ကျွီဆိုတဲ့ အသံကြားတာနဲ့ ကျမတို့ အကုန်လုံးမတ်တပ် ရပ်ပြီးသား ဖြစ်ပါတယ်”ဟု ပြောသည်။

၎င်းက ဆက်လက်ပြီး “အဲဒီအချိန်မှာ ကလေးတွေအကုန်လုံး စုပြီးနေလို့ရနိုင်တဲ့အချိန် မိနစ်ပိုင်း စက္ကန့်ပိုင်း လောက် မှာပဲ ဒိုင်းဆိုတဲ့အသံကျမတို့ကြားလိုက်တဲ့အချိန်မှာ ကျောင်းရဲ့ဟိုဘက်မှာ ဖြစ်တာလို့ ကျမတို့ ထင်ပေမယ့် အဲဒီအချိန် မှာ ကျမတို့က ဟိုဘက်မှာ ဘာဖြစ်နေမှာလည်း မသိလိုက်ပါဘူး။ ဒီဘက်က ကလေးတွေ အကုန်လုံးစုပြီး ဘုန်းကြီးကျောင်းအောက်ထဲ ကျောင်းဆောင်မကြီးထဲကို ကျမတို့ ဝင်ပါတယ်။ ဝင်လိုက်တဲ့အချိန်မှာ ကျမတို့လည်း ဒီဘက်က တက်လိုက်တော့ ဟိုဘက်က ကလေးတွေက သွေးသံရဲရဲနဲ့ ကျမတို့ဆီပြေးခဲ့ကြပါတယ်”ဟု ပြောပြသည်။

ဒဏ်ရာရကလေးငယ်များကိုပါ စုစည်းပြီးကျောင်းဆောင်မကြီးအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ဆရာမ ဒေါ်မြမြက ပြောသည်။

“ကြည့်လိုက်တော့ ကလေးတွေက သွေးတွေ တကိုယ်လုံးရွှဲပြီး ပြေးလာကြတယ်။ ပြေးလာတော့ ကျမတို့က ထိုင်ထိုင် အကုန်လုံးထိုင်ခိုင်းတာပေါ့။ ဒီဘက်ကလည်း ဆူလို့အော်လို့ ရုန်းရင်းဆန်ခတ်နဲ့ တကယ့် ငရဲခန်းကို ကျရောက်နေသလိုပါပဲ”ဟု ဆရာမ ဒေါ်မြမြက ပြောပြသည်။

ဆရာမက ဆက်လက်ပြီး “ကျမက ကြည့်လိုက်တဲ့အချိန်မှာ သွေးသံရဲရဲနဲ့ တအားပြေးလာနေတဲ့ ကလေးတွေ ထိုင်ခိုင်းလိုက်တဲ့အချိန်မှာ ကလေးတစ်ယောက်က ဆရာမရေ သမီးမှာ သွေးတွေနဲ့ဆိုပြီးမှ သူက သူ့ပေါင်လေးကို ကျမကို ပြခဲ့ပါတယ်။ ပြတော့ ကျမကြည့်လိုက်တော့ သွေးတွေရဲနေတာမြင်လိုက်တယ်။ အဲဒါနဲ့ ကျမက ဘယ်သူတွေ ဘာတွေ ဘာတွေဖြစ်သေးလဲဆိုပြီးမျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်တာ သွေးတွေ မြင်လိုက်တာ နဲ့ကျမက ကျမတို့ တိုက်ခိုက်ခံရပြီဆိုတာ သိလိုက်တဲ့လိုက်တဲ့အချိန်မှာ ကိုယ်ကိုယ်ကို သတိကြီးစွာနဲ့ ဘယ်သူတွေ အပြတ်အလက်တွေရှိနေလဲ ဘယ်သူတွေ ပိုးလိုးပက်လက်တွေဖြစ်နေပြီလဲ အရေးကြီးဆုံးက ဘယ်သူလဲ လို့ သတိဝင်ပြီး ကြည့်လိုက်တဲ့အချိန် အဲဒီကလေးမလေးတစ်ယောက်ပဲ သွေးသံရဲရဲနဲ့ပေါ်လာတာ။ ကျန်တဲ့ကလေးတွေလည်း ဒဏ်ရာတွေများတယ်ဆိုပေမယ့် သူက ပိုလို့များနေပါတယ်။ ခြေလမ်းလျှောက်တဲ့နေရာတိုင်း သူ့ခြေလှမ်းတိုင်းက သွေးတွေနဲ့ ရဲပြီး ရောက်လာတာပါ”ဟု ဆက်ပြောသည်။

သွေးထွက်လွန်သည့် ကလေးငယ်ကို ကျန်းမာရေးဆရာမဆီ ပို့ဆောင်ရန် ပအဖ တာဝန်ရှိသူနှင့် ကျန်းမာရေးဆရာမထံ အပ်နှံခဲ့သည်ဟု ဆရာမက ပြောပြသည်။ ထို့နောက် ဒဏ်ရာရ ကလေးငယ်များကို စိစစ်ပြီး ဒဏ်ရာပိုပြင်းထန်သည့် ကလေးငယ်များကို ပအဖထံ အပ်နှံကာ ဆေးကုသမှု ရယူရန် ကြိုးစားခဲ့သည်ဟု ရှင်းပြသည်။

ဒဏ်ရာရ ကလေးငယ် ၂၀ကျော်အနက် အရေးပေါ် ကုသမှုလိုအပ်သည့် ကလေးငယ်မှာ မိန်းကလေး ၂ဦးနှင့် ယောက်ျားလေး ၅ဦး ဖြစ်သည်ဟု သူနာပြုဆရာမ ဒေါ်ဝင်းဝင်းက ပြောပြသည်။

ပြုစုထားသော စာရင်းများအရ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စုသည် မတရားအာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများကြောင့် အသက် (၁၈) နှစ်အောက် ကလေးငယ် (၄၉၁) ဦး သေဆုံးခဲ့ရပြီး စာသင်ကျောင်းပေါင်း (၁၁၉) ကျောင်း ထိခိုက်ပျက်စီးခဲ့ရသည်ဟုဆိုသည်။

အကြမ်းဖက်စစ်အုပ်စုသည် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်း၊ ဖျက်အားပြင်းလက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်းတို့ကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။ စစ်ကောင်စီတပ်သည် အရပ်သားနေထိုင်ရာ နေရာများ၊ ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများ၊ကျန်းမာရေး စောင့်ရှောက်မှုနေရာများကို ဖျက်အားပြင်း လက်နက်ကြီး အသုံးပြုတိုက်ခိုက်မှု အကြိမ်ပေါင်း ထောင်ချီ ပြုလုပ်ခဲ့သည်ဟု NUGက ရှင်းလင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်အုပ်စုသည် အာဆီယံအဖွဲ့၏ အချက် (၅) ချက်ပါ ဘုံသဘောတူညီချက် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက် အမှတ် ၂၆၆၉ (UN Security Council Resolution 2669) စသည်တို့ကို လုံးဝ လေးစားလိုက်နာမှုမရှိသည့်အပြင် ကလေးသူငယ်များကို သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာရစေခြင်း နှင့် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့သည် နိုင်ငံတကာ လူ့အခွင့်အရေးနှင့်လူသားချင်းစာနာမှု ဥပဒေများနှင့်စာချုပ်စာတမ်းများ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ ဂျနီဗာသဘောတူစာချုပ်၊ Rome Statue တို့ကိုချိုးဖောက်ကာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း NUGက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များသည် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများမြောက်နေသည့်အတွက် လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကိုယ်တိုင် တိုက်တွန်းခဲ့ပြီးဖြစ်သည်ဟု NUG၏ ထုတ်ပြန်ချက်၌ ထည့်သွင်း ဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါကျူးလွန်မှုများတွင်ပါဝင်သော တာဝန်ရှိသူ၊ လက်ရောက်ကျူးလွန်သူ နှင့် အားပေးအားမြှောက်ပြုသူများအားလုံးကို ပြည်တွင်းတရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအရေးယူပြစ်ဒဏ်ချမှတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။