Connect with us

Hi, what are you looking for?

သတင်း

မံစီရှိ စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်

လက်ရှိတွင် မြစ်ကြီးနား – ဗန်းမော်လမ်း တလျှောက်စစ်​ကောင်စီ တပ်စခန်း ၈ ခု ကျန်ရှိနေသော်လည်း လူအင်အား သိပ်မရှိတော့ဟုလည်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(​ရှေ့တန်းတစ်​နေရာမှ KIA တပ်ဖွဲ့ဝင်တစ်ဦး။ဓါတ်ပုံ-CJ)
(​ရှေ့တန်းတစ်​နေရာမှ KIA တပ်ဖွဲ့ဝင်တစ်ဦး။ဓါတ်ပုံ-CJ)

▪︎စစ်ရှိန်ပိုမြင့်လာ​တော့မည်ဟုကချင်စစ်ရေးသတင်းရင်းမြစ်​​ပြော

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သွားရောက်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

ယနေ့ အောက်တိုဘာ ၂၄ ရက် မနက်မှစ၍ ဗန်းမော်ခရိုင် မံစီ မြို့နယ်ရှိ စစ်ကောင်စီ၏ အင်ခန်းကောင်စခန်းကို KIA က ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဆိုသည့် သတင်းအပေါ် ဗိုလ်မှူးကြီးနော်ဘူက တိုက်ပွဲဖြစ်ပွားမှုကို အတည်ပြုသည်။

“အဲဒီ မံစီဘက်က ဖြစ်တဲ့ တိုက်ပွဲနဲ့ပတ်သက်လို့တော့ ကျနော်တို့ အဆက်အသွယ်မရဘူး။ ဖုန်းလိုင်းလည်းမရှိဘူး။ တိုက်ပွဲဖြစ်တယ်ဆိုတာကတော့ အတည်ပြု ပြောလို့ရပါတယ်။ ဒါပေမဲ့ မြေပြင်က အခြေအနေတွေကိုတော့ အခုထက်ထိ ကျနော်တို့ ဘာမှ သတင်းမရသေးပါဘူး။ စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ညပိုင်း၌ ပြောသည်။

ကချင်​ဒေသတွင်းသတင်းဌာနအချို့က စစ်​ကောင်စီစခန်းကို KIA ကတိုက်ခိုက်သိမ်းယူလိုက်​ကြောင်း​ဖော်ပြ​နေကြသည်။

Public Service Announcement

Public Service Announcement

KIA အနေဖြင့် အောက်တိုဘာ ၁၈ရက်မှစ၍ စစ်ကောင်စီတပ်၏ တပ်စခန်းသိမ်းတိုက်ပွဲများ ကို ဆင်နွှဲလျက်ရှိရာ မိုးမောက် အောင်ဂျာ စစ်ကောင်စီစခန်းကို အောက်တိုဘာ ၂၀ရက်တွင်လည်းကောင်း၊ မူဆယ်မြို့နယ် မုံးကိုးဒေသ ဝိန်းလားတောင်တပ်စခန်းကို အောက်တိုဘာ ၁၉ရက် နှင့် ရွှေကူမြို့နယ် ငဘတ်ကြီးစခန်းကို အောက်တိုဘာ ၁၈ရက်တို့၌ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

တပ်စခန်းသိမ်းတိုက်ပွဲများအနက် ဗျူဟာမြောက် အောင်ဂျာစခန်း သိမ်းပိုက်နိုင်ခြင်းကြောင့် နမ့်ဆန်ယန်ဒေသတစ်ခုလုံးလွတ်မြောက် သကဲ့သို့‌ဖြစ်လာဟု ကချင်စစ်ရေးသတင်းရင်းမြစ်ပြောသည်။

“နမ့်ဆန်ယန်ဒေသတစ်ခုလုံး လွတ်မြောက်သွားပြီပြောလို့ရတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က အောင်ဂျာ တပ်စခန်းသိမ်း တိုက်ပွဲ အောင်မြင်မှုအပေါ် မှတ်ချက်ပြုသည်။

စစ်ကောင်စီအနေဖြင့် အဆိုပါ တပ်စခန်းကို ပြန်ရရန် မလွယ်တော့ဟုလည်း ၎င်း ကဆက်ပြောသည်။

“ဗျူဟာမြောက်တဲ့ အောင်ဂျာ စခန်းကျသွားတော့ စကစ တပ်တွေ သူတို့ ဗျူဟာ ပြန်ပြောင်းနေတယ်လို့ ထင်တယ်။ ဒါကြောင့် ငြိမ်နေတာ။ စကစ တပ်အင်အားတွေ ပြန်လည်စုဖွဲ့ပြီး တိုက်မယ်လို့ သတင်းရထားတယ်။” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သို့ရာတွင် စစ်ကောင်စီအနေဖြင့် ၎င်းတို့ တပ်များကို ပြန်လည်စုဖွဲ့နိုင်ရေးမှာ မလွယ်ကူကြောင်း စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။ KIA အနေဖြင့်လည်း စစ်ဆင်ရေးများ ဆက်လုပ်သွားရန်ရှိသည်ဟု ပြောသည်။

“တိုက်ပွဲက ရပ်လို့မရတော့ဘူး။ စစ်ရှိန်မြင့်လာဖို့ပဲရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် မြစ်ကြီးနား – ဗန်းမော်လမ်း တလျှောက်စစ်​ကောင်စီ တပ်စခန်း ၈ ခု ကျန်ရှိနေသော်လည်း လူအင်အား သိပ်မရှိတော့ဟုလည်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထိုအပြင် အောင်ဂျာဒေသ စစ်ကောင်စီ အထိုင်စခန်းကို KIAနှင့် မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်းက အောက်တိုဘာ ၂၂ရက် နေ့စွဲဖြင့် ရက္ခိုင့်တပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) (ABSDF-NB)၊ ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) (KNA-Burma) တို့ ထံသို့ဂုဏ်ပြု မှတ်တမ်း ပေးပို့ခဲ့သည်။

အဆိုပါဂုဏ်ပြုမှတ်တမ်းစာတွင်ကေအိုင်အေ တပ်မဟာ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ K-PDF များနှင့် အတူတကွလက်တွဲ၍ မိမိအသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့ကြသော မဟာမိတ် တပ်ဖွဲ့ဝင်များအသီးသီးနှင့် တာဝန်ရှိတပ်မှူးများအားလုံးကို အထူးကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင် အသိ အမှတ်ပြုပါကြောင်းနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး တိုက်ပွဲတွင် အတူတကွ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရန်လည်း တိုက်တွန်းကြောင်း ပါရှိသည်ဟုသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။