Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်​ရေးအင်အားစုများ၏ အဓိကသတင်းစကား ဖော်ပြထားသည့် ပရာ့ဂ်ပန်ကြားချက်

နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများသည် မြန်မာပြည်သူလူထုအပေါ် စစ်ပွဲဆင်နွှဲနေသော အကြမ်းဖက်စစ်တပ်၏ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်သည့်အတွက် ပိုမိုတိုးမြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဖော်ပြသည်။

တော်လှန်​ရေးအင်အားစုများ၏ အဓိကသတင်းစကား ဖော်ပြထားသည့် ပရာ့ဂ်ပန်ကြားချက်
တော်လှန်​ရေးအင်အားစုများ၏ အဓိကသတင်းစကား ဖော်ပြထားသည့် ပရာ့ဂ်ပန်ကြားချက်

လက်ရှိအချိန်သည် မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေး၊ စေ့စပ်ညှိနှိုင်းရေး၊ အတုအယောင်ရွေးကောက်ပွဲ စသည်တို့ လုပ်ဆောင်ကျင်းပမည့်အချိန်မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပရာ့ဂ်ပန်ကြားချက်(Prague Appeal)ကို ကြေညာထုတ်ပြန်သည်။

အဆိုပါ ပရာ့ဂ်ပန်ကြားချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် နွေဦးတော်လှန်ရေး အင်အားစုများအနေဖြင့် ဒီမိုကရေစီနှင့် ကိုယ်စားပြုအုပ်ချုပ်မှု နှင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အာဏာရှင်ကွင်းဆက်ကို အဆုံးသတ်နိုင်ရေး တို့အတွက် စည်းလုံးညီညွတ်စွာဖြင့် ကတိကဝတ်ပြုအပ်ကြောင်း ဖော်ပြထားသည်။ Prague Appeal ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့တွင် ကျင်းပခဲ့သော 2000 Forum သို့တက်ရောက်ခဲ့ပြီး ယင်းခရီးစဥ်အတွင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

“ပရာ့ဂ်မေတ္တာရပ်ခံချက်ထဲမှာဆိုရင် NUG ပါတယ်၊ NUCC ပါတယ်၊ နောက်တစ်ခုက ERO တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေပါတယ်၊ နွေဦးတော်လှန်ရေးအင်အားစုတွေ ပါတယ်၊ CRPH လည်းအပါအဝင်ဖြစ်တယ်။ နွေဦးတော်လှန်ရေးနဲ့ပတ်သက်တဲ့ stakeholders တွေ အားလုံးဟာ ကျွန်တော်တို့ ဒီတစ်သဘောထားတည်း ရှိနေတယ်။ အတူတကွ ညီညီညွတ်ညွတ်နဲ့စုစည်းလုပ်ကိုင် နေကြတယ်ဆိုတဲ့ အချက်အလက်ကို ကမ္ဘာကို အတိအလင်း မက်ဆေ့ချ်ပေးလိုက်တဲ့ မေတ္တာရပ်ခံချက်လို့ နားလည်ပါတယ်” ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

စစ်​ကောင်စီတပ်၏ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေမှုများ မှာ တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများအကြား ကွဲလွဲမှုဖြစ်စေရန် ရည်ရွယ်သည့် မရိုးမသား၊ တရားမဝင် လုပ်ဆောင်ချက်များသာ ဖြစ်ပြီး အကြမ်းဖက်စစ်တပ်နှင့် အဖွဲ့အစည်းတခုခု အကြား အာဏာခွဲဝေရေးအစီအစဉ်အလားအလာများကို တော်လှန်ရေးအင်အားစုများက အတိအလင်း ကန့်ကွက်ကြောင်း ပရာ့ဂ်ကြေညာချက်၌ ဖော်ပြသည်။ “ယခုအချိန်သည် အပစ်အခတ်ရပ်စဲရေးဖြစ်စေ၊ စေ့စပ်ညှိနှိုင်းရေးဖြစ်စေ လုပ်ဆောင်ရမည့် အချိန် မဟုတ်ပါ” ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တော်လှန်ရေးခေါင်းဆောင်များသည် လွတ်လပ်၍ တရားမျှတမှုရှိသည်ဟု လွတ်လပ်စွာ သတ်မှတ်ခံထားရသည့် အထွေထွေရွေးကောက်ပွဲမှ ၎င်းတို့ထံ အပ်နှင်းထားသည့် ဒီမိုကရေစီလုပ်ပိုင်ခွင့်ကို ဆက်လက် ကျင့်သုံးသွားမည် ဖြစ်ပြီး အကြမ်းဖက်စစ်တပ်တွင် ရွေးကောက်ပွဲကျင်းပရန် အခွင့်အာဏာ မရှိကြောင်း ကြေညာသည်။ “အတုအယောင်ရွေးကောက်ပွဲ ကျင်းပရမည့် အချိန်လည်း မဟုတ်ပါ” ဟု ဖော်ပြသည်။

“အဓိက ဒီနှစ်ချက်ကအကြမ်းဖက်စစ်အုပ်စုသွားဖို့လုပ်နေတဲ့ နှစ်ချက်၊ ဒီနှစ်ချက်စလုံးဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ အရေးကိစ္စနဲ့ပတ်သက်ရင် နွေဦးတော်လှန်ရေးအင်အားစုတွေက ဒီနှစ်ချက်စလုံးကို ငြင်းဆန်တယ်ဆိုတာ ဒီထဲမှာ ပါဝင်တာ တွေ့ရမှာဖြစ်ပါတယ်” ဟု ဦးနေဘုန်းက ပြောသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပသမဂ္ဂထံသို့ ရည်ရွယ်သည့် ယင်း Prague Appeal တွင် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အပေါ် အခြေပြု၍ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေး၊ လူနည်းစုများအား ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုသဟဇာတဖြစ်မှု ခိုင်မာရေး စသည့် အခြေခံမူများအပေါ်၌ အခြေခံသော ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံတော်တည်ထောင်ရန်မှာ တော်လှန်ရေးအင်အားစုများ၏ ဘုံနိုင်ငံရေးရည်မှန်းချက်ဖြစ်ကြောင်း အသိပေးထားသည်။

တဆက်တည်းတွင် စစ်တပ်အား နိုင်ငံရေးမှ ဖယ်ရှားသွားရန်၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုနှင့် တာဝန်ခံမှုတို့ကို ဖော်ဆောင်ရန်နှင့် တိုင်းပြည် ပြန်လည်တည်ဆောက်ရေးတွင် နိုင်ငံတကာနှင့် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်သွားရန်တို့ကို ကတိကဝတ်ပြုကြောင်း ဖော်ပြသည်။

ယင်းနောက် စစ်တပ်၏ ရန်လိုမှုများထံမှ မြန်မာပြည်သူလူထုကို ကာကွယ်စောင့်ရှောက်လျက်ရှိပြီး တချိန်တည်းတွင် ဖက်ဒရယ်ဒီမိုကရေစီပုံစံဖြင့် အောက်ခြေမှ အထက်သို့ လာသည့်လုပ်ငန်းစဉ်ဖြင့် နိုင်ငံတော်သစ်ကို တည်ဆောက်နေကြောင်း Prague Appeal ၌ ဖော်ပြသည်။

“အာဏာရှင်စနစ်ကို အနိုင်တိုက်ထုတ်ပြီးသည်နှင့်တပြိုင်နက်၊ အင်အားစုများအကြား အသွင်ကူးပြောင်းရေးကာလအစိုးရတစ်ရပ်ကို ထူထောင်ကာ … မြန်မာနိုင်ငံရှိ အစုအဖွဲ့များနှင့် လူမျိုးစုများ အားလုံးပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်ကို စတင်ကာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ လုပ်ငန်းစဉ်ကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်” ဟု ထည့်သွင်း ဖော်ပြသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်နှင့် ပတ်သက်ဆက်စပ်နေသောလုပ်ငန်းစုများ၊ငွေကြေးအဖွဲ့အစည်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် လေယာဉ်ဆီကုမ္ပဏီများအား အရေးယူပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ရန်နှင့် ချမှတ်ထားပြီးဖြစ်သော ပိတ်ဆို့မှုများကို ထိရောက်မှုရှိစေရေး လုပ်ဆောင်ရန် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပရှိ မိတ်ဖက်များထံ တော်လှန်အင်အားစုများက တောင်းဆိုသည်။

နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများသည် မြန်မာပြည်သူလူထုအပေါ် စစ်ပွဲဆင်နွှဲနေသော အကြမ်းဖက်စစ်တပ်၏ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်သည့်အတွက် ပိုမိုတိုးမြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဖော်ပြသည်။

“နိုင်ငံတကာအဖွဲ့အစည်းတွေဆီက ဘာတွေ မျှော်လင့်လဲဆိုတာထက် အဓိကက ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံးရဲ့ တူညီတဲ့သဘောထားတွေကို ကမ္ဘာကြီးကိုချပြလိုက်တဲ့ သဘောလို့ပဲ ကျွန်တော်တို့က ပြောချင်ပါတယ်။ သို့လောသို့လောတွေ တချို့သော နိုင်ငံတွေ၊ တချို့သော အစုအဖွဲ့တွေ၊ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အခြေအနေမှာ စုစည်းမှုမရှိဘူး၊ ညီညွတ်မှုမရှိဘူး စသဖြင့် ဒါမျိုးတွေ ပြောနေကြတာလည်း ကြားရတယ်။ အဲဒီလိုပဲ ဒီစစ်တပ်မရှိလို့ မဖြစ်ဘူး။ ဒီစစ်တပ်နဲ့ပဲ ညှိနှိုင်းသင့်တယ် စတဲ့ ဒီလိုစဥ်းစားချက်တွေ တင်သွင်းလာတာ ရှိတယ်။ အဲဒီတော့ ဒါတွေ အကုန်လုံးဟာ မဟုတ်ဘူး။ ကျွန်တော်တို့ စုစုစည်းစည်းညီညီညွတ်ညွတ်ရှိနေတယ်။ စစ်တပ်နဲ့လည်း ညှိနှိုင်းဆွေးနွေးစရာ အကြောင်းမရှိဘူး၊ စစ်တပ်လုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲတွေ၊ NCA တွေဆိုတာလည်း လက်ခံနိုင်စရာအကြောင်းမရှိဘူးဆိုတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တူညီဘုံသဘာထားကို ဒီနေရာမှာ ပြတ်ပြတ်သားသား နိုင်ငံတကာကို ဒီကနေ တဆင့် ပြသနိုင်ခဲ့တယ်လို့ပဲ ပြောရမှာပါဗျ” ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။