ပေါက်မြို့နယ်အတွင်း ရက်ပေါင်း ၂၀ကျော်ကြာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက၁၀ ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပေါက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖက သတင်းထုတ်ပြန်သည်။
အင်အား၂၅၀ခန့်ပါဝင်သော အဆိုပါစစ်ကြောင်းသည် ပေါက်မြို့နယ်၊ ရွှေဘုံသာရွာ(ပျူစောထီးရွာ)မှ ပေါက်မြို့နယ် မြောက်ပိုင်းတခြမ်းလုံးကို စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။
ထိုစစ်ကြောင်းမှ စစ်သုံ့ပန်း ၁ ဦးဖမ်းရှိရပြီး စစ်ကောင်စီတပ်သား ရုပ်အလောင်းတစ်ခုနှင့် လူနေအိမ် ၂ လုံးတွင် ရုပ်အလောင်းများ မီးတင်ရှို့ထားသည်ကို တွေ့ရရှိရသည်ဟု ပေါက် ပကဖ မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“ထိပ်တိုက်တွေ့တာ သိပ်မရှိခဲ့ဘူး။မိုင်းဆွဲတယ်။ ဒရုန်းနဲ့ချတာတွေလုပ်ခဲ့တယ်”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သားများသည် ကုက္ကိုလ်စုရွာအဝင်တွင် ဒဏ်ရာရရှိသူ၃၀ခန့်ကိုလှည်း၁၀ စီးဖြင့် သယ်ဆောင်သွားပြီး စစ်ကောင်စီ ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သတင်းများအရသိရသည်ဟု၎င်းကဆက်ပြောသည်။ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုအခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement
ကာကွယ်ရေးတပ်သားများဘက်မှရဲဘော် ၂ ဦးကျဆုံးပြီး သေနတ် ၂ လက်ဆုံးခဲ့သည်ဟုလည်း ပေါက်-ပကဖကဆိုသည်။ ထိုပြင် စစ်ကောင်စီတပ်က ပြည်သူ ၇ ဦးကိုလည်းသတ်ဖြတ်ခဲ့သည်ဟုသိရသည်။
ထိုစစ်ကြောင်းသည်လက်ရှိတွင် ရေပြကျေးရွာမှတဆင့် ပေခုနှစ်ပင်ရွာနှင့်ဘုရားတောင်ကျေးရွာကို ဦးတည်နေသည်ဟုလည်း မျက်မြင်တွေရှိသောဒေသခံအချို့ကပြောသည်။ ထိုစစ်ကြောင်းသည် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ပြီး ဖျက်ဆီးထားသည့် ဒီးဒုတ်ကွင်းရွာကိုလည်းရိက္ခာပို့ရန် စီစဉ်နေသည်ဟုလည်း ဒေသခံများကပြောသည်။
