ရှမ်းပြည်နယ် မြောက်ပိုင်း ၊ပန်လုံဗျူဟာကုန်း ကို ညီနောင်မဟာမိတ်သုံးဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သောတိုက်ပွဲတွင်စစ်ကောင်စီတပ် တပ်မ ၉၉ တပ်မမှူး သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက အတည်ပြုသည်။
နွေဦးတော်လှန်ရေးတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ သေဆုံးသူများတွင် အရာရှိများစွာပါဝင်နေပြီဖြစ်သော်လည်း တပ်မမှူး သေဆုံးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
“ ကျွန်တော်တို့ရရှိတဲ့ ရင်းမြစ်တော်တော်များများအရ သေချာတယ်” ဟုစစ်ရေးသတင်းရင်းမြစ်တစ်ဦးကအတည်ပြုသည်။

သေဆုံးခဲ့သော တပ်မမှူးမှာဗိုလ်မှူးကြီး အောင်ကျော်လွင်ဖြစ်ပြီး ပင်လုံဗျူဟာကုန်းတိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရပြီး ဆေးကုရန် ရဟတ်ယာဥ်ဖြင့်သယ်ဆောင်စဥ်လမ်း၌ သေဆုံးခြင်းဖြစ်ကြောင်း အခြားသတင်းရင်းမြစ်တစ်ဦးကပြောသည်။ အဆိုပါတိုက်ပွဲတွင် ဌာနချုပ်ခွဲမှူး ဗိုလ်မှူးတစ်ယောက်ပါသေဆုံးခဲ့ကြောင်း၎င်းက ဆက်ပြောသည်။

Public Service Announcement
သို့သော် အဆိုပါသတင်းရင်းမြစ်က ဗိုလ်မှူးကြီးအောင်ကျော်လွင်မှာ တပ်မမှူး မဟုတ်ဘဲ ဗျူဟာမှူး ဖြစ်ကြောင်းပြောသည်။ အခြားသတင်းရင်းမြစ်များကမူ စကခ-၈(စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) မှ တပ်မ ၉၉ တပ်မမှူးအဖြစ် ရာထူးတိုးဖြင့်ယခုနှစ် ဩဂုတ်လတွင်မှ ပြောင်းရွှေ့လာသူဖြစ်ပြီး ဗိုလ်မှူးအဖြစ်မှ ဗိုလ်မှူးချုပ်အပွင့်တင်ရန် စောင့်ဆိုင်းနေသူဖြစ်ကြောင်းပြောသည်။
People’s Spring အတည်ပြုမေးမြန်းသော စစ်ရေးသတင်းရင်းမြစ် ၅ ဦးတွင် ၃ ဦးက တပ်မမှူးဖြစ်ကြောင်းအတည်ပြုပြီး တစ်ဦးက ဗျူဟာမှူးဖြစ်ကြောင်းပြောသည်။
ကျန်တစ်ဦးဖြစ်သော MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ” သတင်းတော့ကြားမိတယ် အတည်ပြုလို့တော့ မရသေးဘူး” ဟု ပြောသည်။
ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် စစ်ကောင်စီ၏ပန်လုံဗျူဟာကုန်း (အဓိကပင်မကုန်း) ကို နိုဝင်ဘာ ၅ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
MNDAA နှင့် AA တို့က နိုဝင်ဘာ ၄ ရက်တွင် ပန်လုံဗျူဟာကုန်း ၏ အောက်ဘက်တွင်ရှိသော “ကာကင်း” ဗျူဟာစခန်း (၂) ခုအား နိုဝင်ဘာလ (၄) ရက်နေ့တွင်စတင်တိုက်ခိုက်ခဲ့သည်။
ထိုနောက် တပ်မ (၉၉) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းထိုင်ထားသော “ပန်လုံဗျူဟာကုန်း” အား နိုဝင်ဘာလ (၅) ရက်နေ့၊ နံနက် ၅ နာရီမှစ၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညနေ ၅အချိန်ခန့်တွင် အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့သည်ဟု စစ်ဆင်ရေး ၁၀၂၇ က နိုဝင်ဘာ ၆ ရက်တွင်ထုတ်ပြန်သည်။

အဆိုပါ “ကာကင်း” ဗျူဟာစခန်း (၂) ခုနှင့် ၎င်း၏ ပင်မ “ပန်လုံ” ဗျူဟာစခန်းတို့အား ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များမှ အဓိကဦးဆောင်ထိုးစစ်ဆင်ခဲ့ကြပြီး စစ်ရေးအရ ခက်ခက်ခဲခဲတိုက်ပွဲဝင်ခဲ့ရသော စခန်းသိမ်းတိုက်ပွဲတစ်ခုလည်း ဖြစ်သည်။ စစ်ကောင်စီတပ်က ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်တို့ဖြင့် အကြိမ်ပေါင်းများစွာ ခုခံကာကွယ်တိုက်ခိုက်နေသည့်ကြားမှ တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ ဗျူဟာမြောက်ထိုးစစ်နှင့်အတူ ပေးဆပ်မှုများစွာဖြင့် “ပန်လုံဗျူဟာကုန်း” အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ ခြင်း ဖြစ်သည် ဟု ၁၀၂၇ စစ်ဆင်ရေးက တိုက်ပွဲအကြောင်းဖော်ပြထားသည်။
ဗျူဟာကုန်းသိမ်းတိုက်ပွဲအတွင်း အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသော ရဲဘော်များအား လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ် သကဲ့သို့ ၁၀၂၇ စစ်ဆင်ရေးကာလတစ်လျှောက် အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြရသော အဖွဲ့အစည်းအသီးသီးမှ ရဲဘော် တစ်ယောက်ချင်းစီကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။
စစ်ကောင်စီ၏ တပ်မ ၉၉ သည် ရှမ်းပြည်နယ်မြောက်ပိုင်းတပ်ပွဲတွင် မုံးကိုးတွင် အခြေပြု၍ လက်အောက်ခံ ၁၀ ရင်းအား ကိုးကန့်နယ်မြေများတွင် ခွဲဖြန့်ထားပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် တိုက်ခိုက်နေသည်။ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် တပ်မ ၉၉ မှ အရာရှိများ ၊စစ်သားများ သေဆုံးမှု အလွန်များနေကြောင်းလည်းသိရသည်။















































