ယနေ့ စစ်ကောင်စီတပ်စခန်း ၃ခုကို MNDAA ထပ်မံ သိမ်းပိုက်
စစ်ဆင်ရေး ၁၂ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၁၅၃ခုကို ညီနောင်သုံးဖွဲ့ သိမ်းပိုက်ခဲ့
စစ်ကောင်စီတပ်ထံမှ တင့်ကား တစ်စီးထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်းကိုးကန့်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပြသည်။
ယခင်က စစ်ကောင်စီ၏ သံချပ်ကာယာဉ်နှင့် တင့်ကား ၆စီးအား ကိုးကန့်တိုက်ပွဲများအတွင်းသိမ်းပိုက်ရရှိထားရာ ယနေ့တွင် မုံးကိုး တိုက်ပွဲ၌ စစ်ကောင်စီတပ်စခန်းသိမ်းပိုက်စဉ် နောက်ထပ် တစ်စီးသိမ်းပိုက်ရရှိ၍ စုစုပေါင်းတင့်ကား၊ သံချပ်ကာယာဉ် ၇စီး ရရှိပြီဖြစ်သည်။
“နောက်တစ်စီးထပ်ရထားပါတယ်။ တပ်စခန်း ၂ခုထပ်ရထားတယ်။ စုစုပေါင်း ၁၁၉ခု(သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီတပ်စခန်း အရေအတွက်)ရှိပြီလို့တော့ တင်ပြထားပါတယ်။အဲဒီအထဲမှာ တပ်စခန်း ၂ခုရတဲ့အထဲမှာ ယာယီတပ်စခန်းတစ်ခုကျန်ခဲ့တယ်။ အမှန်က ဒီနေ့က တပ်စခန်း ၃ခု သိမ်းပိုက်နိုင်ခဲ့တယ်။ မုံးကိုးဘက်မှာတော့ ဒီနေ့ ၁၂နာရီ ၄၀မိနစ်မှာ မုံးကိုးဗျူဟာကုန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီ။ လက်နက်ကြီး ၂လက်နဲ့ တင့်ကားတစ်စီးထပ်မံရရှိခဲ့တယ်”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူကပြောပြသည်။
တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော်(AA) တို့ ပူးပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ၂၇ရက်က စတင်ဆင်နွှဲခဲ့ရာ စစ်ဆင်ရေး ၁၂ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၁၅၀ ကျော်ကိုသိပ်ပိုက်ပြီးဖြစ်သည်။

Public Service Announcement
MNDAAနှင့် AAက သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်စခန်း ၁၂၀၊ TNLAက သိမ်းပိုက်ထားသည့်စစ်ကောင်စီတပ်စခန်း ၃၃ ခုရှိပီး စုစုပေါင်း တပ်စခန်း ၁၅၃ခုကိုသိမ်းပိုက်ရရှိထားသည်ကိုညီနောင်မဟာမိတ် ၃ဖွဲ့၏ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။


















































