▪︎စစ်ကောင်စီက သင်တန်းသားစစ်သားများကို ရှေ့တန်းသို့တန်းမလွှတ်ဘဲ သင်တန်းများပြီးမှ မိမိသွားလိုသောဒေသသို့သွားရမည်ဟုပြောဆို စုဆောင်းခဲ့ခြင်းဖြစ်
▪︎အောင်ဇေယျ စစ်ကြောင်းအထိနာနေပြီးသေဆုံးဒဏ်ရာရသူ ၊ထွက်ပြေးသူများတွင်လည်းစစ်သားသစ်များပါဝင်နေဟု သိရ
ဒေါနတောင်ပေါ်၌ တိုက်ပွဲပြင်းထန်နေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းတွင် စစ်မှုထမ်းဥပဒေဖြင့်ခေါ်ယူစုဆောင်းထားသော အပတ်စဥ်(၁)သင်တန်းဆင်း လူငယ်များပါဝင်ပြီး စစ်ကြောင်းကိုစွန့်ခွာထွက်ပြေးမှုများရှိနေသည်ဟု People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“စစ်မှုထမ်းဥပဒေက အပတ်စဥ်(၁) သင်တန်းဆင်းထားတဲ့ ကလေးတွေလည်းပါတယ်။ အပတ်စဥ်(၁)က ကလေးတွေလည်း ရှေ့တန်းကို လွှတ်တယ်။ အခုက ဘယ်လိုပြောမလဲဆိုတော့ သူတို့ကတော့ နိုင်ငံတော်အဆင့်စစ်ဆင်ရေးလို့ သတ်မှတ်ထားတော့ မညှာမတာတိုးချဲ့နေတဲ့ သဘောတော့ ရှိတာပေါ့”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဧပြီလဒုတိယပတ်မှစ၍ မြဝတီသို့စစ်ကူပို့ရန်ကြိုးစားနေသည့် အောင်ဇေယျစစ်ကြောင်းမှ စစ်မှုမထမ်းမနေရဥပဒေဖြင့် ခေါ်ယူစုဆောင်းထားသော အပါတ်စဥ်(၁)သင်တန်းဆင်းသူများအပါအဝင် စစ်ကောင်စီတပ်သားများမှာ တော်လှန်ရေးတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများနေ၍ စွန့်ခွာထွက်ပြေးမှုများ ဖြစ်ပေါ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement
” ကလေးတွေက ထွက်ပြေးချင်တယ်။ ပြေးလို့မတက်ဘူးလေ။ နယ်မြေခံမဟုတ်တော့။ တချို့ဆို ပြေးလို့ရှိရင် တပ်ဆီပဲ ပြန်ပြန်ရောက်သွားတယ်လို့ ပြောတယ်”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မေလ ၄ရက် ညနေကလည်း အောင်ဇေယျစစ်ကြောင်းမှ စကခ(၁၂) လက်အောက်ခံ ခမရ(၂၃၀)မှ စစ်ကောင်စီတပ်သား သုံးဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက People’s Spring သို့ ပြောသည်။
စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် ယခင်ကလည်းအလင်းဝင်ရောက်လာရန် ချိတ်ဆက်မှုများရှိခဲ့သည်ဟု ဗိုလ်မှူးကျော်ဟိန်းက ရှင်းပြသည်။
“စစ်မှုထမ်းဥပဒေက တပ်သားသစ်တွေပါတယ်လို့ ပြောလို့ရမယ်။ ပါတယ်လို့လည်း ကြားတယ်။ အလင်းဝင်ဖို့ ချိတ်တာ နှစ်ခါရှိပြီး။ ကျနော်တို့ စောင့်ဆိုကြိုတာမှာ ချိတ်ဆက်မှုလွှဲနေလို့”ဟု ဗိုလ်မှူးက ပြောသည်။
အောင်ဇေယျစစ်ကြောင်းတွင် စစ်သားသစ်စုဆောင်းခံထားရသူများပါဝင်မှု အခြေအနေ၊သေဆုံးမှုအခြေအနေ ၊ထွက်ပြေးအလင်းဝင်သူအခြေအနေများကို လူထုနွေဦးက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။

စစ်ကောင်စီကမူ စစ်မှုမထမ်းမနေရဥပဒေဖြင့် စစ်သားသစ်များရရန်ဖိအားပေးခေါ်ယူ စုဆောင်းရာတွင် ရှေ့တန်းသို့ချက်ချင်းထွက်ရမည်မဟုတ်ကြောင်း ၊မိမိတို့ တာဝန်ထမ်းလိုဒေသများတွင်များသာသွားရမည်ဖြစ်ကြောင်း စသဖြင့် ပြောကြားစုဆောင်းခဲ့သည်။
စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ပြည်သူ့စစ် မှုထမ်းဥပဒေဆောင်ရွက်တဲ့နေရာမှာ အားလုံးခြိမ်းခြောက်ခံနေရတာက ဒီနေ့ပဲ သေနတ်ကိုင်ပြီး ဒီနေ့ပဲရှေ့တန်းထွက်ရမလိုပြောနေကြတယ်။ မဟုတ်ပါဘူး။ ကျွန်တော်တို့ Professinonal စစ်သား တစ်ယောက်၊ Professional နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်တဲ့ သူတွေလို စစ်ပညာ၊ နိုင်ငံတော်ကာ ကွယ်ရေးပညာကို အပြည့်အဝ သင်ကြားပြီးမှ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်”ဟု ဖေဖော်ဝါရီလ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ထိုအပြင် စစ်သားသစ်များစုဆောင်းရန်ပေးဝေသော လက်ကမ်းစာစောင်များတွင်လည်း “စစ်မှုထမ်းဆောင်မည့်သူများအနေဖြင့် စစ်သင်တန်း၊တက်ရောက်ပြီးပါက မိမိတို့ဆန္ဒရှိရာဒေသများတွင် သာတာဝန်ထမ်းဆောင်ရမည်”ဟု ဖော်ပြထားသည်။
ထိုကြောင့် အောင်ဇေယျစစ်ကြောင်းတွင် စစ်သားသစ်စုဆောင်းထားသော ပထမဆုံးအသုတ် သင်တန်းဆင်းများပါဝင်ပြီး တိုက်ခိုက်စေသည်မှာသေချာပါက စစ်ကောင်စီပြောကြားထားမှုများမှာ လိမ်လည်ထားခြင်းဖြစ်ကြောင်းစစ်ကောင်စီကမူ စစ်မှုမထမ်းမနေရဥပဒေဖြင့် စစ်သားသစ်များရရန်ဖိအားပေးခေါ်ယူ စုဆောင်းရာတွင် ရှေ့တန်းသို့ချက်ချင်းထွက်ရမည်မဟုတ်ကြောင်း ၊မိမိတို့ တာဝန်ထမ်းလိုဒေသများတွင်များသာသွားရမည်ဖြစ်ကြောင်း စသဖြင့် ပြောကြားစုဆောင်းခဲ့သည်။ထင်ခြားသော ဥပမာဖြစ်လာမည်ဖြစ်သည်။

စစ်မှုထမ်းသင်တန်းအပတ်စဥ် (၁)ကို နိုင်ငံတဝန်းရှိ စစ်သင်တန်းကျောင်းများတွင် ပြီးခဲ့သည့် ဧပြီ ၈ရက်က သင်တန်းစတင်ဖွင့်လိုက်သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များက အသိပေးထားသည်။စစ်ကောင်စီက မူလက သကြ်န်ပြီးမှ သင်တန်းစပေးမည်ဆိုသော်လည်း လက်တွေ့တွင် မတ်လကုန်ပိုင်းတွင် ဆေးစစ်ရန်ဆိုကာခေါ်ယူပြီး ပြန်မလွှတ်ဘဲသင်တန်းပေးခဲ့ခြင်းဖြစ်သည်။
သင်တန်းသားအရေအတွက်ကို အတိအကျမထုတ်ပြန်ခဲ့သော်လည်း သင်တန်းအမှတ်စဉ်(၁)ကို အင်အား ၅,၀၀၀ဖြင့်စတင်မည်ဟု စစ်ကောင်စီက အသိပေးခဲ့သည်။
ထိုအပြင် ယခုအခါအပတ်စဥ်(၂) စစ်သင်တန်းအတွက် ဖိအားပေးခြင်း၊အဓမ္မခေါ်ယူမှုပင် စတင်နေပြီဖြစ်သည်။
စစ်မှုထမ်းဥပဒေခေါ်ဆောင်ခံရသူများအား ကျွမ်းကျင်မှုအလိုက် တာဝန်ယူရမည်ဟု စစ်ကောင်စီက ပြောထားသော်လည်း လက်ရှိတွင် ခေါ်ဆောင်ခံရသူအားလုံး ရှေ့တန်းစစ်မျက်နှာပြင်သို့အတင်းပို့ဆောင်နေသည်ဟု တော်လှန်ရေးရဲဘော်များက ပြောသည်။
ထိုအပြင် အောင်ဇေယျစစ်ကြောင်းမှာ ဧပြီဒုတိယပတ်ကတည်းက ဖားအံ ၊မော်လမြိုင်မြို့များမှစတင်ထွက်လာခြင်းဖြစ်သည်။ မတ်လကုန်တွင်ခေါ်ယူပြီး ဧပြီလတွင် သင်တန်းပေးကာ ဧပြီ ဒုတိယပတ်မှစ၍ အပြင်းအထန်တိုက်ပွဲဖြစ်နေသာ ဒေါနတောင်ရှေ့တန်းသို့ သင်တန်းဆင်းစစ်သားသစ်များ စေလွှတ်ထားပါက ၎င်းတို့စစ်သင်တန်းဘယ်နှစ်ရက်ကြာတက်ခဲ့ရသည်ဆိုသည်မှာလည်း မေးခွန်းထုတ်စရာဖြစ်နေသည်။ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ စစ်ပညာအပြည့်အဝ သင်ကြားပြီးမှစေလွှတ်မည်ဟုပြောထားသောကြောင့် ဖြစ်သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အသက်(၁၈)နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသားတိုင်းကို ၂ နှစ် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ပြီး တိုင်းပြည်အရေးပေါ်အခြေအနေဆိုပါက ၅ နှစ်အထိ ၎င်းတို့လိုသလို ခိုင်းစေနိုင်သည်ဟု ဆိုသည်။ သို့သော် အချို့ဒေသများတွင် မတ်လကတည်းက မဲနှိုက်၍ ခေါ်ဆောင်ခြင်း၊ ခရီးသွားသူအချို့အား အတင်းအဓမ္မခေါ်ဆောင်ခြင်း စသည်တို့ရှိခဲ့ပါသည်။
ဒေသအချို့တွင်မူ ယခုနှစ်စပိုင်းကတည်းက ဧည်စာရင်းစစ်ရင်း ၊ခရီးသွားများကို မသင်ကာဟုဆိုကာဖမ်းဆီးရင်း ၊ကျေးရွာများကိုခြိမ်းခြောက်၍ခွဲတမ်းဖြင့် လူတောင်းရင်း ပြည်သူစစ်အဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းများရှိခဲ့သည်။
အောင်ဇေယျစစ်ကြောင်းသည် လက်ရှိတွင် ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော်တွင် ရောက်ရှိနေပြီး တော်လှန်ရေးတပ်များက ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်၍ စစ်သားများသေဆုံးဒဏ်ရာရမှုများနေသည်ဟု People’s Spring၏ သတင်းရင်းမြစ်အချို့က ပြောသည်။
တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် အထိနာနေသော အောင်ဇေယျစစ်ကြောင်းသည် ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“တိုက်ပွဲဖြစ်တဲ့ (၁၀)မိုင်လောက်ဝေးတဲ့ ရွာတွေထဲကို ဟောင်ဝစ်ဇာတို့ အမြောက်တို့နဲ့ ပစ်နေတာ။ တိုက်ပွဲဖြစ်တာက တစ်နေရာပေါ့။ တိုက်ပွဲနဲ့ (၁၀)မိုင်လောက်ဝေးတဲ့ ရွာတွေကို စကစက ပစ်နေတာ။ ကော့ကရိတ်ကနေ ပစ်နေတာ”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက နိုင်ငံတော်အဆင့်စစ်ဆင်ရေးဟုကြေညာထားသည့် အောင်ဇေယျစစ်ကြောင်းသည်တပ်မ(၄၄)နှင့် (၅၅)တို့ဖြင့် စစ်ကြောင်းထိုးခဲ့ရာ အထိနာနေသဖြင့် တပ်မ(၇၇)ကို ထပ်မံအင်းအားဖြည့်တင်းစေလွှတ်ထားကြောင်း စစ်ရေးရင်းမြစ်အချို့ကပြောသည်
“အခုလက်ရှိကတော့ တော်လှန်ရေးပူးပေါင်းတပ်တွေက ကောင်းကောင်းထိန်းထားနိုင်တဲ့သဘောရှိတယ်။ သူတို့က အင်အားတအားများတော့ ရေရှည်တော့ ကြည့်ရမှာပေါ့။ လောလောဆယ်အခြေနေကြည့်ရတာတော့ ဟိုဘက်(စစ်ကောင်စီတပ်) က အထိအခိုက်အကျအဆုံးတော်တော်များတယ်။ အင်အားက ထပ်ပြီးပို့၊ ပို့ပြီးရင်းပို့ဆိုတော့ ဒီဘက်( မြဝတီဒေသတွင် ) မှာသာ စစ်ရှုံးသွားရင် သူတို့(စစ်ကောင်စီတပ်) ကုန်ပြီလေ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
(အောင်ဇေယျစစ်ကြောင်းကို အာရှလမ်းတွင်ဖြတ်တောက်တိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းမှတပ်ဖွဲ့ဝင်တစ်ဦး / စစ်မှုထမ်းဥကဒေဖြင့်စစ်သားသစ်စုဆောင်းစဥ်က စစ်ကောင်စီကရပ်ကွက်အတွင်းရန်ကုန်မြို့တွင်ပန်းပလက်များဖြန့်ဝေရာ သင်တန်းတက်သူများကိုရှေ့တန်းတန်းမပို့ဘဲ မိမိဆန္ဒရှိရာဒေသတွင်တာဝန်ထမ်းရမည်ဟုလိမ်လည်ဖော်ပြထားမှု / ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၁၁ ရက်တွင် စစ်သားသစ်များကိုစစ်ပညာအပြည့်အဝသင်ကြားပြီးမှ တာဝန်ထမ်းဆောင်ရမည်ဟု လိမ်လည်ပြောကြားထားမှု / အောင်ဇေယျစစ်ကြောင်းမှ စစ်သား ၃ ဦး ကျားဖြူစစ်ကြောင်းသို့ လက်နက်နှင့်အတူအလင်းဝင်လာစဥ်။ ဓါတ်ပုံ-Cobra Column ၊ စစ်ကောင်စီ ၊ကျားဖြူစစ်ကြောင်း)
