▪︎မေ၇ ရက်တွင်ထီးချိုင့်၌ တိုက်ပွဲမရှိသလို စစ်ကောင်စီတပ် စစ်ကြောင်းလှုပ်ရှားမှု မရှိ
ဇော်ရမ်း/People’s Spring
ထီးချိုင့်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ရုရှားအခြေစိုက် ဝက်ဂနာကြေးစားတပ်ဖွဲ့ (Wagner mercenary group)ဝင်အား ဖမ်းဆီးရမိကြောင်းသတင်းသည် သတင်းအမှားဖြစ်ကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့များကပြောသည်
မတ်လ ၇ရက် နေ့လည် မွန်းလွဲ ၁နာရီ၁၅ မိနစ်အချိန်တွင် ထီးချိုင့်မြို့ဘက်မှ အလယ်တောဘက်သို့ ချီတတ်လာသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား တိုက်ထုတ်ခဲ့ရာ ရုရှားနိုင်ငံအခြေစိုက် ဝက်ဂနာ ကြေးစားတပ်ဖွဲ့ ( Wagner mercenary group)၏ တံဆိပ်တပ်ထားသော အကြမ်းဖက်စစ်သားများအား ဖမ်းဆီးရမိခဲ့ကြောင်း၊ထိုအထဲမှ တပ်သားတစ်ဦးမှာ စစ်ကောင်စီတပ်တွင် SOTF (Special Operations Task Force) Spider Squad အဖွဲ့ခေါင်းဆောင် Captain အဆင့်နှင့် ရုရှား Wagner group တွင် Private တပ်သားအဆင့် ဗိုလ်မှုးတစ်ဦးအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေး ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာ၌ ယမန်နေ့(မေလ ၇ရက်)ညက တင်ထားသည်ကို တွေ့ရသည်။

ထိုသတင်းထုတ်ပြန်သည့် ထီးချိုင့်ပြည်သူ့ကာကွယ်ရေး ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာသည် အတုဖြစ်ပြီး မေ ၆ ရက်က ထီးချိုင့်၌ မြေပြင်တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းအတွင်းမှ ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

Public Service Announcement
“သတင်းအမှားပါ။ မြေပြင်မှာ စစ်ကောင်စီတပ် ဘာလှုပ်ရှားမှုမှ မရှိပါဘူး။ အဲ့ဒီPageက အတုကြီးမို့ အကြိမ်ကြိမ်ဖြေရှင်းနေရတာပါ”ဟု ထီးချိုင့်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ထီးချိုင့်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အား ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအခက်အခဲကြောင့် တိုက်ရိုက်ဆက်သွယ်၍မရခဲ့ပေ။
“မနေ့က ထီးချိုင့်မှာ တိုက်ပွဲဖြစ်စဉ်မရှိသလို ရန်သူ့လှုပ်ရှားမှုလည်းမရှိပါဘူး။အဲဒီ page ကလည်း အတုလို့ပြောပါတယ်” ဟု စစ်ရေးရင်းမြစ်တစ်ဦးကလည်းအတည်ပြူသည်။
ထီးချိုင့်မြို့တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်မှစတင်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊အာရက္ခတတပ်တော်(AA)နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်သည်။စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့ပေါ်ရပ်ကွက် ငါးခုရှိသည့်အနက် တစ်မြို့နယ်လုံး၏ ၈၀ ရာခိုင်နှုန်းနီးပါး ပျက်စီးခဲ့သည်။၂၀၂၃ ဒီဇင်ဘာလတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြန်လည်ဆုတ်ခွာထားခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၁၄ရက်ကတစ်ကြိမ် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။ ထို့နောက်ပိုင်း၌ ယနေ့(မေလ ၈ရက်)အထိ မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း သတင်းရရှိသည်။
ဝက်ဂနာကြေးစားတပ်ဖွဲ့ သည် ရုရှားအခြေစိုက်ကြေးစားစစ်တပ်ဖြစ်သည်။ ရုရှားက ယူကရိန်းအား ကျူးကျော်တိုက်ခိုက်သည့်စစ်ပွဲ၌ ဝက်ဂနာကြေးစားတပ်ဖွဲ့က ရုရှားဖက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ သို့သော် ယူကရိန်းစစ်မြေပြင်၌ အထိနာပြီးနောက် ရုရှားစစ်ခေါင်းဆောင်များအား ဝက်ဂနာကြေးစားတပ်ဖွဲ့ခေါင်းဆောင်ပရီဂိုဇင်က ပြင်းပြင်းထန်ထန်ဝေဖန်ကာ ရုရှားစစ်တပ်ကို ပြန်လည်တိုက်ခိုက်ရန် ပြီးခဲ့သည့်၂၀၂၃ ဩဂုတ်လ၌ စစ်ပြင်ခဲ့သည်။ ပူတင်ဦးဆောင်သည့် ရုရှားအစိုးရက ညှိနှိုင်းမှုများပြုလုပ်ခဲ့ရာ ပရီဂိုဇင်က ရုရှားသို့ ချီတက်လာသည့်ရ၎င်း၏တပ်များကို ရုတ်သိမ်းခဲ့သည်။ သို့သော် ရက်အနည်းငယ်ကြာ၌ ပရီဂိုဇင်သည် မော်စကိုမြို့မှ စိန့်ပီတာစဘတ်မြို့သို့ ဂျက်လေယာဉ်ဖြင့်သွားရောက်စဉ် မော်စကိုမြို့ အနောက်မြောက်ပိုင်းတနေရာ၌ လေယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့သည်။ ပရီဂိုဇင်သေဆုံးမှုသည် ရှရှားသမ္မတပူတင်၏ လုပ်ကြံမှုကြောင့်ဖြစ်နိုင်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
စစ်ကောင်စီနှင့် ရုရှားအစိုးရသည် စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုများရှိနေသည်။ တော်လှန်ရေးအင်အားစုများနှင့်ဖြစ်ပွားနေသော တိုက်ပွဲများ၌စစ်ကောင်စီသည် ရုရှားစစ်သားများအား ခေါ်ယူအသုံးပြုနေကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့ဖူးသည်။
(သတင်းအမှားတွင် အသုံးပြုခဲ့သောပုံ)
