People’s Spring
မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ ကြားဝင်စေ့စပ် ညှိနှိုင်းပေးမယ့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ ကမ်းလှမ်းချက်ကို တော်လှန်ရေး အင်အားစုတွေဖက်က ငြင်းဆန်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရကြောင်းထိုင်းနိုင်သံထုတ် The Nation သတင်းဌာနကဖော်ပြပါတယ်။
သက်ဆင်ဟာ ဧပြီလလယ်၊ ဆွန်ခရန်ပွဲတော် ကာလတုန်းက မဲဆောက်မှာ တော်လှန်ရေး အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO)တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အဲဒီ ဆွေးနွေးမှုမှာ သက်ဆင်က သူဟာ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြားမှာ စေ့စပ်ရေးကိစ္စ အဓိက တာဝန်ယူတဲ့ ကြားလူ အနေနဲ့ ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်ထိ ထိုင်းဝန်ကြီးချုပ် တာဝန်ယူခဲ့ချိန်က အဲဒီခေတ် မြန်မာ စစ်အစိုးရနဲ့ ဆက်ဆံမှုတွေ ရှိခဲ့ပါတယ်။

Public Service Announcement
ချင်းမိုင်က တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် သက်ဆင်ဟာ ဆွေးနွေးမှုတွေ နှစ်ကျော့ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဧပြီလ ၁၃ ရက်နေ့မှာ သူဟာ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကချင်အမျိုးသား အစည်းအရုံး (KNO)တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒုတိယ အကျော့မှာတော့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ ကိုယ်စားလှယ်တွေ၊ တခြား EAO တချို့တို့နဲ့ သက်ဆင်က အမြင်ဖလှယ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် သူဟာ ဘန်ကောက်မှာ မြန်မာနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး EAO ဖြစ်တဲ့ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ NUGရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် NUG ဘက်က ဒေါ်ဇင်မာအောင် ဟာ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ခြင်းမရှိပဲ ၊သတင်းအမှားသာဖြစ်တယ်လို့ ယတိပြတ်ငြင်းဆိုထားပါတယ် ။
EAO တချို့ရဲ့ သတင်းရင်းမြစ်တွေက သက်ဆင်ဟာ သူ့ကိုယ်သူ မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေး အကောင်အထည် ဖော်မှုတွေမှာ ကြားလူအဖြစ် စေ့စပ်ပေးဖို့ အဆိုပြု ကမ်းလှမ်းခဲ့တယ်လို့ ပြောပါတယ်။ မြန်မာ့အရေး ကူညီဖြေရှင်းဖို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် အလုပ်မဖြစ်တဲ့ အခြေအနေမှာ သက်ဆင်က အခုလို ခြေလှမ်းပြင်လာတာပါ။ ဒါပေမဲ့ သူ့ရဲ့ အဆိုပြုချက်တွေအပေါ် EAO အများစုက စိတ်ပျက်ခဲ့တယ်လို့ သိရပါတယ်။
EAOတွေက လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအပေါ် သက်ဆင်ရဲ့ နားလည် သဘောပေါက်နိုင်စွမ်းအပေါ် သံသယ ကြီးကြီးမားမား ရှိနေပြီး သက်ဆင်ဟာ မြန်မာ့ ပြည်တွင်းရေးမှာ အရေးပါတဲ့ EAOတွေကြားမှာတောင် ပီပီပြင်ပြင် ခွဲခြားသိမြင်နိုင်မှု မရှိဘူးလို့ ယူဆနေကြကြောင်း နီးစပ်သူတွေက ပြောပါတယ်။ ဥပမာ သက်ဆင်ဟာ KNOကို အားကောင်းတဲ့ ကချင် EAOဖြစ်တဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)လို့ နားလည်မှု လွဲမှား ယူနေခဲ့တယ်လို့ သိရပါတယ်။
သက်ဆင်က သူ့ကို ဆွေးနွေးပွဲတွေရဲ့ ကြားလူအဖြစ် သဘောတူ ခန့်အပ်ရေး EAO အသီးသီးက သဘောတူ လက်မှတ်ရေးထိုး အတည်ပြုနိုင်ဖို့ စာရွက်စာတမ်းတွေပါ ကြိုတင် ပြင်ဆင်လာခဲ့တယ်လို့ EAO အဖွဲ့တစ်ခုရဲ့ သတင်းရင်းမြစ် တစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းကမှ သက်ဆင် အဆိုပြုတဲ့ စာရွက်စာတမ်းတွေကို လက်မှတ် မထိုးခဲ့ကြပါဘူး။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီယမ် ပွန်ဆာကတော့ မြန်မာ့တော်လှန်ရေး အင်အားစုတွေနဲ့ တွေ့ဆုံမှုဟာ သက်ဆင်ရဲ့ ပုဂ္ဂလိက အခွင့်အရေးဖြစ်ပြီး ထိုင်းအစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒကို ကိုယ်စားမပြုဘူးလို့ ဆိုပါတယ်။ လောလောဆယ် ထိုင်းအစိုးရ လုပ်နိုင်တာက အခြေအနေကို စောင့်ကြည့်ရုံသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကတော့ သက်ဆင်နဲ့ မြန်မာ့ တော်လှန်ရေး အင်အားစုတွေ တွေ့ဆုံခဲ့တယ်ဆိုတဲ့ ကိစ္စအပေါ် ကြိုတင် သိရှိမထားကြောင်း ပြောကြားသွားပါတယ်။ သူက ထိုင်းဟာ မြန်မာ့အရေးကို ကူညီ ဖြေရှင်းရာမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုပဲ အဓိက လက်ကိုင်ပြုထားမယ်လို့လည်း ဆိုပါတယ်။
နောက်ပြီး မြန်မာ့အရေး ကူညီဖြေရှင်းဖို့ ထိုင်းက ပါဝင်ပတ်သက်တဲ့ တွေ့ဆုံဆွေးနွေးမှုတိုင်းကို လျှို့ဝှက်ပြီး ထိန်းသိမ်းထားပေးမယ်လို့လည်း ဆရက်သာက ဆက်လက် ပြောကြားသွားပါတယ်။
ကိုးကား- The Nation
