ဇေအောင်/People’s Spring
မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်၌ အဓမ္မအလုပ်ခိုင်းစေခံရသည့် အကျဥ်းသားတစ်ဦး ဓာတ်လိုက်၍ အမြင့်မှပြုတ်ကျသည့်ဖြစ်စဥ်တွင် ထောင်မှူးအားတောင်းဆိုခဲ့သည့် နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသား၁၀၀ကျော် ထောင်ပြောင်းရွှေ့သွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
ယနေ့ (ဇွန်လ ၁၅ရက်) နံနက် ၂နာရီခန့်က ကျိုက်မရောအကျဥ်းထောင်ရှိ နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသား ၁၀၀ကျော်ကို ထောင်အာဏာပိုင်များက ဆွဲထုတ်ကာ ထောင်ပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း ကိုသိုက်ထွန်းဦးက ပြောသည်။
ဇွန်လ ၁၂ရက်က ကျိုက်မရောအကျဉ်းထောင်ရှိ အမျိုးသမီးအဆောင်နှင့် အမျိုးသားအဆောင်ကြား သွပ်ကာချိန် အခြားအကျဉ်းသားတစ်ဦး ဓာတ်လိုက်၍ အမြင့်ပေ ၂၀ကျော် အုတ်ရိုးအထက်မှ ပြုတ်ကျခဲ့ရာ အသက်အန္တရာယ်စိုးရိမ်နေရသည်။

Public Service Announcement
အဆိုပါ အကျဉ်းသားအား အကျဉ်းသူများမှ အမြန်ဆုံးဆေးရုံပို့ပေးရန် ဝိုင်းဝန်းအော်၍ တောင်းဆိုခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသား ၁၀၀ ကျော် ထောင်အာဏာပိုင်များက ထောင်ပြောင်း ရွှေ့လိုက်ခြင်းဖြစ်ကြောင်း ကိုသိုက်ထွန်းဦးက ပြောသည်။
“အဲဒီနေ့မှာ ညွှန်မှူးကို ဝိုင်းဝန်းတောင်းဆိုခဲ့ကြတဲ့ နိုင်ကျဥ်းအမျိုးသမီးနဲ့ အခြားအမျိုးသမီးတွေအပါအဝင် ထောင်အာဏာပိုင်တွေရဲ့ဖိနှိပ်မှုနဲ့ လာဘ်စားမှုတွေကို အဖိနှိပ်ခံအကျဥ်းသားတွေဘက်က ရပ်တည်ပြီး အမြဲတမ်းကာကွယ်ပေးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားတွေ ထောင်တွင်းသပိတ်တိုက်ပွဲတွေမှာ ဦးဆောင်ခဲ့တဲ့သူတွေပါသွားတယ်လို့သိထားပါတယ်။”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
အကျဥ်းသား ၁၀၀ကျော်အား အင်းစိန်၊ သာယာဝတီ၊ဒိုက်ဦးအစရှိသည့် အကျဥ်းထောင်များသို့ ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြု၍မရသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံမှ သိရသည်။
ကျိုက်မရော အကျဥ်းထောင်သည်လည်း နိုင်ကျဥ်းများအပါအဝင် အကျဥ်းသားများအား ဖိနှိပ်မှုဆိုးရွားစွာပြုလုပ်နေသည်။
ယခင်ရက်ပိုင်းအတွင်းကလည်း နိုင်ကျဥ်းအချို့ကို တရားမဝင်ပစ္စည်းမိသည်ဟုဆိုကာ တိုက် ပိတ်ပြီး ခြေကျင်းဒေါက်ထည့်ကာ အမှုထပ်တိုးခဲ့ကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူအချို့က ပြောသည်။
ထို့အပြင် အကျဥ်းထောင်အတွင်း ဒရုန်းများဝင်မလာနိုင်ရန် ဂျန်မာများတပ်ဆင်ထား၍ အဆိုပါ ဂျန်မာလှိုင်းများကြောင့် အကျဥ်းသားများ ညဘက် အိပ်စက်မရဖြစ်နေကြောင်း သိရသည်။
