မိထက်/People’s Spring
စစ်ကောင်စီက ဖမ်းဆီးထားသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆန်ဆွန်သည် ယမန်နေ့(ဇူလိုင် ၂၂ရက်)နံနက် ပြန်လည်လွတ်မြောက်လာကြောင်း မြစ်ကြီးနားမြို့ခံအချို့က ပြောသည်။
ဒေါက်တာခလမ်ဆန်ဆွန်ကို ပြီးခဲ့သည့် ဧပြီ ၁၇ရက်တွင် စစ်ကောင်စီက ပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သုံးလကျော်အကြာတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

Public Service Announcement
” ဒေါက်တာခလမ်ဆန်ဆွန်ပြန် လွတ်လာပါတယ်။ လူချင်းတော့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် လွတ်မြောက်လာ တာမှန်ပါတယ်”ဟု မြစ်ကြီးနားမြို့မှာ ကချင်တိုင်းရင်းသားတစ်ဦးကပြောသည်။
စစ်ကောင်စီသည် ဧပြီ ၁၇ရက်က နိုင်ငံတစ်ဝန်းအကျဥ်းထောင်များမှ အကျဉ်းသားသုံးထောင်ကျော်အား လွတ်ငြိမ်းပေးခဲ့စဉ် ဒေါက်တာခလမ်ဆန်ဆွန်လည်း ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ယင်းနေ့ညတွင်ပင် ပြန်လည်ဖမ်းဆီးသွားခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ဆောင်သည့်နေရာတွင် ပူးပေါင်းဆွေးနွေးရန်ခေါ်ထားခြင်းဖြစ်ပြီး ပြန်လည်ဖမ်းခြင်းမဟုတ်ကြောင်း စစ်ကောင်ဆီက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းကာလက ကချင်ပြည်နယ်တွင် လွတ်လပ်ရေးတပ်မတော်(KIA)က စစ်ကောင်သည်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန်ဖြစ်သည်။
စစ်ရှုံးနိမ့်နေသည့်စစ်ကောင်စီက KIA ထိုးစစ်ရပ်တန့်ရေးအတွက် ဒေါက်တာခလမ်ဆန်ဆွန်ကိုဓားစာခံအဖြစ် ဖမ်းဆီးထားခြင်းဟု ကချင်နိုင်ငံရေးအင်အားစုများနှင့် ဒေသခံများကပြောခဲ့ကြသည်။
ဒေါက်တာခလမ်ဆန်ဆွန်သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌအဖြစ်လေးနှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် KBCအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေသည်။ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့(WMR)၏ လက်ရှိဥက္ကဋ္ဌလည်းဖြစ်ပြီး KIAအပြင် ကချင်အရပ်ဖက်အဖွဲ့အစည်းများပေါ်၌ ဩဇာကြီးမားသူဖြစ်သည်။
ဒေါက်တာခလမ်ဆန်ဆွန်ကို ၂၀၂၂ ဒီဇင်ဘာ ၅ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၂(က)၊ ပုဒ်မ၁၇(၁)၊ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခဲ့သည်။
၂၀၂၃ ဧပြီ ၇ရက်တွင် ထောင်ဒဏ်ခြောက် နှစ်ချမှတ်ခံခဲ့ရပြီး ၂၀၂၄ ဧပြီ ၁၇ရက်ကပြန်လည်လွတ်မြောက်လာကာ ယင်းနေ့တွင်ပင် ပြန်လည်ဖမ်းဆီးခဲ့သည်။ ယခု ပြန်လည်လွတ်မြောက်လာသည့်သတင်းကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)က တရားဝင် သတင်းမထုတ်ပြန်သေးပေ။


















































