ရဲခေါင်/People’s Spring
လွိုင်ကော်မြို့တွင်း တိုက်ပွဲ ပြင်းထန်ဆဲ ဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိကာ စစ်ကောင်စီက နေအိမ်များကို မီးရှို့နေကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် မိုင်းလုံး၊ ပန်ကန်း၊ ဒေါဥခူနှင့် ထေးငှါလျား ရပ်ကွက်နှင့် GTC ကျောင်း၌ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

Public Service Announcement

“အဲဒီရပ်ကွက်တွေကို ကရင်နီပူးပေါင်းတပ်ကထိန်း ချုပ်ထားတယ်။အဲဒါကို စကစ ဘက်က စစ်ကြောင်းထိုးတာပေါ့။
မနေ့က မိုင်းလုံး ဘက်ဆို တနေကုန်နီးပါးတိုက်ပွဲ ဖြစ်တယ်။အသေခံပြီး တက်လာလည်း သူတို့(စကစ)မတိုးနိုင်ဘူး”ဟု လွိုင်ကော်မြို့ရှိ ရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် မင်္ဂလာ(ပိုးစာခြံ) ၊ ဈေးပိုင်း၊ ဒေါဥခူ ၊ ပန်ကန်း၊ မိုင်းလုံးရပ်ကွက်များ၌ တိုက်ပွဲအတွင်း မထိခိုက်သေးသည့်နေအိမ်များကို မီးရှို့နေကြောင်း သိရသည်။
“သုံးလေးရက်လောက်ပဲရှိဦးမယ်။အိမ် ၁၃ လုံးလောက်ပါသွားတယ်။အရင်က အကောင်းအတိုင်း ဘာမှ ပျက်စီးတာမရှိဘူး။ကရင်နီပူးပေါင်းတပ်တွေ အကာအကွယ် မရအောင်လို့ ပြန်သိရတယ်”ဟု အမည်မဖော်လိုသည့် လွိုင်ကော်မြို့ခံ က ပြောသည်။
ဇွန်လဆန်းပိုင်းကစ၍ စစ်ကောင်စီသည် လွိုင်ကော် မြို့အပါအဝင် ကရင်နီဒေသတွင်း၎င်းတို့ ဆုံးရှုံးခဲ့သည့် နယ်မြေများကို ပြန်လည်ထိန်းချုပ်ရန် ကရင်နီအခြေစိုက်မဟုတ်သည့် ပြင်ပ တပ်ရင်း လေးခု ထက်မနည်းအသုံးပြု စစ်ကြောင်းထိုးလာသည်။

“ကရင်နီ စစ်ဆင်ရေး ၁၁.၁၁ စတင်ပြီးတဲ့နောက် စစ်ရေး အချက်အလက်တွေအရ လွိုင်ကော် မှာရှိတဲ့ ဒကစ အပါအဝင် တပ်ရင်း အားလုံးရဲ့ အင်အား က ၂,၀၀၀ လောက်ရှိတာပေါ့။အခု သူတို့ အားဖြည့်ထားတာနဲ့ စစ်ကြောင်းထိုးတာရောဆိုရင် ၄,၀၀၀ ပတ် ချာလည်လောက်ရှိလိမ့်မယ်”ဟု ကရင်နီစစ်ရေးသတင်း ရင်းမြစ်က ပြောသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီ ပင်မ အခြေစိုက်ရာ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစလွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခလရ ၂၆၁၊ ခလရ ၂၅၀၊ခလရ ၅၄၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊တပ်မတော်ဆေးရုံ (တဆရ – အမှတ် ၇)၊ထောက်ပို့နှင့်ပို့ဆောင်ရေးတပ်ခွဲ(ထပခ ၇၂၂) တို့ရှိ သည်။


















































