ဟန်နွေ/People’s Spring
ကချင်ပြည်နယ် မိုးမောက်မြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ(၄၃၇)တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့(ဇူလိုင် ၂၄ရက်) နံနက်တွင် ပြန်လည်ထိုးစစ်ဆင်နေကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဗန်းမော် – မိုးမောက်မြို့နယ်ဘက်တွင် ပြီးခဲ့သည့် တစ်ပတ်အတွင်းကတည်းက စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
” ဒီမနက် ၈နာရီဝန်းကျင်ကတည်းက စပြီးတော့ အဲဒီ ၄၃၇ဘက်ကို KIAနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက ပြန်ပြီးမှ ထိုးစစ်ဆင်နေတဲ့ သတင်းကြားရပါတယ်။ နေ့လယ်အထိ ညနေပိုင်းအထိတော့ သိပ်ပြီးထူးခြားတဲ့သတင်း မကြားဘူး။ ကျနော်တို့လည်း ဖုန်းအဆက်အသွယ်တော့ အခက်အခဲတွေ အများကြီးရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement
ယနေ့ညနေ ၅နာရီနောက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မြစ်ကြီးနားမြို့မှ လေယာဉ် တက်လာပြီး လေကြောင်းတိုက်ခိုက်သည်ဟု ကြားသိရကြောင်း ၎င်းက ပြောသည်။
” အခုအချိန်မှာကတော့ တိုက်ပွဲကတော့ဆက်ဖြစ်နေတဲ့အနေအထားဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ညနေပိုင်းတွင် ပြောသည်။
KIA ပူးပေါင်းတပ်များသည် မေလ ၇ရက်တွင် မိုးမောက်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ရက်ပိုင်းအတွင်း မြို့ကိုထိန်းချုပ်နိုင်ခဲ့သည်။ထို့နောက်မြို့အနီးကျန်နေသည့် စစ်ကောင်စီ၏ ခမရ(၄၃၇)တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ သိမ်းယူနိုင်ခဲ့ခြင်းမရှိသေး၍ မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
KIA အနေဖြင့် မတ်လ ၇ရက်ကစတင်၍ ကချင်ပြည်နယ်အတွင်း ထိုးစစ်အရှိန်မြှင့်ပြီး စစ်ကောင်စီတပ်စခန်းများစွာကို ထိုးစစ်ဆင်တိုက်ခိုက်သည့် စစ်ဆင်ရေးများကို တဆင့်ပြီး တဆင့်လုပ်ဆောင်လျက်ရှိရာ တပ်စခန်းအများအပြားကို သိမ်းပိုက်ထားပြီး ဒေသအများအပြားကိုလည်း စိုးမိုးထိန်းချုပ်ထားနိုင်ခဲ့သည်။
