Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့သို့ “ ၀” တပ်ဖွဲ့ UWSA ဝင်ရောက်

ဆက်ဆံရေးရုံးများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် နှစ်ဖက်တပ်များနှင့် ညှိနှိုင်းဝင်ရောက်ခြင်းဖြစ်ဟု UWSA ပြော

"၀"တပ်ဖွဲ့ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Soe Zeya Tun/Reuters

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေ၍ တိုက်ပွဲပြင်းထန်နေသည့် လားရှိုးမြို့သို့ “ ၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) တပ်ဖွဲ့ဝင်များ ဝင်ရောက်နေရာယူခဲ့ကြောင်း UWSA ပြင်ပဆက်ဆံရေးရုံးတာဝန်ရှိသူ ဦးညီရန်းက ပြောသည်။

ဇူလိုင် ၂၇ရက် ညပိုင်းတွင် လားရှိုးမြို့သို့ “ ၀” တပ်ဖွဲ့များ ဝင်ရောက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

” လားရှိုးမြို့ရှိ တိုင်းရင်းသားပေါင်းစုံများရဲ့လိုလားချက်အရ လားရှိုးမြို့နယ်ရှိ ကျနော်တို့ ပြင်ပဆက်ဆံရေးရုံးများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက် “ဝ”ပြည်နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ၂၇ရက်နေ့ညက လားရှိုးမြို့သို့ တရားဝင် ဝင်ရောက်ခဲ့တာ မှန်ပါတယ်” ဟု ဦးညီရန်းက ပြောသည်။

မြို့သို့မဝင်မီတွင် တိုက်ပွဲဖြစ်ပွားနေသည့် အဖက်ဖက်(ကိုးကန့်တပ် MNDAA မဟာမိတ်များ၊ စစ်ကောင်စီ)တို့ကို အကြောင်းကြားခဲ့ပြီး နှစ်ဖက်စလုံး၏ သဘောတူညီချက်ဖြင့် အဆင်ပြေစွာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

” လားရှိုးမြို့တွင် တပ်စွဲထားတဲ့ကျနော်တို့ “ဝ”လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်တို့ကို ဝင်ရောက်စွက်ဖက်ခြင်း၊ ပူးပေါင်းခြင်းနဲ့ ပံ့ပိုးပေးခြင်းများ လုပ်ဆောင် မှာမဟုတ်ပါ။ လားရှိုးမြို့နှင့် တစ်နိုင်ငံလုံးငြိမ်းချမ်း‌‌‌ရေးအမြန်ဆုံးရဖို့ကို “ဝ”ပြည်နယ်ကမျှော်လင့်ပါတယ်” ဟု ဦးညီရန်းက ပြောသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း လားရှိုးသို့ UWSA တပ်ဖွဲ့ဝင် အင်အား ၅၀၀ခန့် ရောက်ရှိနေသည်ဟု အသိပေးထားသည်။

ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် မဟာမိတ်များသည် ဇူလိုင် ၃ရက်ကစတင်ပြီး လားရှိုးမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲခဲ့ရာ ဇူလိုင် ၂၅ရက်တွင် စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကိုသိမ်းပိုက်နိုင်ခဲ့ပြီး မြို့လွတ်မြောက်ပြီဟု ကြေညာခဲ့သည်။ ထိုသို့ ကြေညာပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သော်လည်း စစ်ကောင်စီ တပ်ရင်းဌာနချုပ်အချို့ သိမ်းပိုက်နိုင်မှုနှင့် မြို့တွင်းသို့ ဝင်ရောက်နိုင်မှု အခြေအနေများကို ဓာတ်ပုံ၊ ရုပ်သံမှတ်တမ်းတို့ဖော်ပြခဲ့သည်။

“ ၀” တပ်ဖွဲ့ UWSA အနေဖြင့် ဇူလိုင် ၁၀ရက်ကလည်း တန့်ယန်းမြို့ကို ယခုကဲ့သို့ ဝင်ရောက်တပ်စွဲမှုရှိခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကာလကလည်း ၀ဒေသ ဟိုပန်မြို့ကို ၀တပ်ဖွဲ့က နှစ်ဖက်နှင့် ညှိနှိုင်းဝင်ရောက်နေရာယူခဲ့ပြီးနောက်ပိုင်းတွင် ဟိုပန်မြို့ အုပ်ချုပ်ရေးကို ၀တပ်ဖွဲ့က လွှဲပြောင်းရယူခဲ့သည်။ တန့်ယန်းနှင့် လားရှိုးသို့ “ ၀” တပ်ဖွဲ့ဝင်ရောက်ပြီးနောက် အုပ်ချုပ်ရေးပိုင်ဆိုင်ရာ မည်သို့ ဆောင်ရွက်မည်ဆိုသည်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကိုးကန့်တပ်ဖွဲ့ကမူ လားရှိုးမြို့နယ်အုပ်ချုပ်ရေးကို ၎င်းတို့ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်မည်ဟု အသိပေးထားသည်။

UWSA ကဲ့သို့ပင် ရှမ်းတပ် SSPPက မိုင်းရယ်သို့ လည်းကောင်း၊ မိုင်းလားတပ်ဖွဲ့(NDAA)က မိုင်းယောင်းမြို့ကို ဝင်ရောက်နေရာယူထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်မှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးတစ်ဦးကို ကားတစ်စီးပေါ်က သေနတ်နဲ့ပစ်ခတ်တာ​ကြောင့် ဒဏ်ရာရခဲ့တယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

MNDAAနဲ့ အာဏာသိမ်းစစ်တပ်ဆက်ဆံရေတင်းမာနေစဉ် ယမန်​နေ့ည ၁၁နာရီခန့်က လားရှိုးမြို့မှာ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာတာကြောင့် ဒေသခံတွေ ထိတ်လန့်ခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်မှာ အောက်တိုဘာလ ၁၃ ရက်နေ့လယ်ပိုင်းမှာ ကားလုယက်မှုထပ်မံဖြစ်ပွားခဲ့ပါတယ်။

သတင်း

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) (၁၇၁)စစ်ဒေသက ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီ ထံ အပ်နှံခဲ့တယ်လို့ UWSP/UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက လူမှုကွန်ရက်ကနေ တဆင့် ထုတ်ပြန်ပါတယ်။