ဟန်နွေ/People’s Spring
ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ဖမ်းထားသည့် အာရက္ခတပ်တော်(AA) ရဲဘော် ၂ဦးအား ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် AA၏ မဟာမိတ်ဖြစ် သည့် ချင်းညီနောင်က တောင်းဆိုထုတ်ပြန်သည်။
ချင်းညီနောင်၊ AA နှင့် မဟာမိတ်များကမတူပီမြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီးနောက် AA တပ်ဖွဲ့ဝင် ၂ဦးသည် ဒဏ်ရာရ ရဲဘော်များအား စာရင်းကောက်ယူရန် တာဝန်ထမ်းဆောင်နေချိန် CNA ဘက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ထို့နောက် အဆိုပါ ရဲဘော်နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ လိမ်လည် ဝန်ခံထွက်ဆိုခိုင်းစေပြီး ဆိုရှယ်မီဒီယာမှ မဟုတ်မမှန်ရေးသား ဖြန့်ဝေခြင်း၊ ပြောဆိုခြင်းများ တွေ့ရကြောင်း ချင်းညီနောင်၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
AAသည် မြန်မာတပြည်လုံးရှိ တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စည်းလုံးညီညွတ်စွာ ပူးပေါင်းကူညီ၍ တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ကောင်စီအား ဖြုတ်ချရာတွင် လူမျိုးမရွေး နေရာမရွေး ဘဲ ညီနောင်အဖွဲ့များ၊ မိတ်ဖက်အဖွဲ့များ နှင့်အတူ မိတ်ဆွေကောင်း၊ အိမ်နီးနားချင်းကောင်းပီသစွာဖြင့် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည်ဟုလည်း ချင်းညီနောင်က ဆိုသည်။
CNA ၏အာရက္ခ အစိုးရ ၊အာရက္ခတပ်တော်အပေါ် ထားရှိသည့်အမြင်နှင့် လုပ်ရပ်သည် ချင်းပြည်သူများကို ကိုယ်စားမပြုကြောင်း ချင်းညီနောင်က ထုတ်ပြန်ခဲ့ပြီး စည်းလုံးညီညွတ်မှုကို ထိခိုက်စေသည်ကို သတိချပ်စေလိုသည်ဟု ဖော်ပြသည်။
ချင်းညီနောင်၊ AA မဟာမိတ်တပ်များနှင့် CNA ပူးပေါင်းတပ်များသည်ဇွန်လ၁၈ရက်မှစ၍ မတူပီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာနှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှုအပေါ် အပြန်အလှန်ပြစ်တင်မှုများ ရှိခဲ့သည်။
Chinland Information Centerက ဖမ်းမိထားသည့် AA တပ်ဖွဲ့ဝင်တို့၏ ထွက်ဆိုချက်ကို ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့ရာ CDFများက စစ်ကူခေါ်၍ ချင်းပြည်ကိုရောက်ရှိလာခြင်းဖြစ်ကြောင်း AA ရဲဘော်က ပြောသည်။ ချင်းညီနောင် မဟာမိတ်အဖွဲ့က လာရောက်ကြိုဆိုခြင်းဖြစ်ကြောင်း AA ရဲဘော်က ပြောသည်။
AA အနေဖြင့် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် တိုက်ပွဲကို အနိုင်ရအောင် တိုက်ပေးပါက ချင်းပြည်တွင်း၌ သုံးနှစ်ခန့် နေရမည်ဟု ချင်းညီနောင်အဖွဲ့ဝင် နှင့်AA အကြား သဘောတူခဲ့သည်ဟု မင်းတပ်ဒေသခံနှင့် AA ရဲဘော်တို့က ထွက်ဆိုသည်။
“ကျင်ဒွေးတိုက်ပွဲကို တိုက်မယ်ပေါ့ စစ်ကူလာခေါ်တယ်။ အဲဒီ ကျင်ဒွေးတိုက်ပွဲမှာ ရတဲ့လက်နက်ခဲယမ်းတွေကျတော့ ကျနော်တို့(AA) ယူတယ်ခင်ဗျ။ ကျန်တာကျတော့ မယူဘူးပေါ့။ အဲဒီမှာ ကျင်ဒွေးတိုက်ဖို့ဆိုပြီး အဲဒီလို သဘောတူညီချက်နဲ့ရောက်လာတာပါ”ဟု AA ရဲဘော်က ထွက်ဆိုခဲ့သည်။
AA တပ်ဖွဲ့ဝင်တစ်ဦးက ၎င်းတို့ စစ်တိုက်သည့်အချိန်တွင် မူးယစ်ဆေးပေးပြီး စစ်တိုက်ခိုက်ခြင်းရှိကြောင်း ထွက်ဆိုခဲ့သည်။ ချင်းညီနောင်၏ ထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို CNA မှ အတင်းအဓမ္မ လိမ်လည် ဝန်ခံထွက်ဆိုခိုင်းစေခြင်းဖြစ်ကြောင်းဖော်ပြသည်။
ချင်းညီနောင်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မေးမြန်းရန် CNF/CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။