Connect with us

Hi, what are you looking for?

သတင်း

လားရှိုးရမခတိုင်းစစ်ဌာနချုပ်သိမ်းပိုက်နိုင်မှုအပေါ် ဂုဏ်ပြုကြောင်း KNU၊KNPPနှင့် CNF ပူးပေါင်း သဝဏ်လွှာပို့

ဟန်ချက်ညီစွာဖြင့် အာဏာသိမ်းစစ်တပ် ပြိုလဲသည်အထိတိုက်ပွဲဝင်မည်ဟု ဖော်ပြ

လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် အောင်ပွဲခံနေသော MNDAAရဲဘော်များ။ ဓာတ်ပုံ - MNDAA

ဟန်နွေ၊ရဲခေါင်း/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(ရမခ)အား ကိုးကန့်တပ်မတော်(MNDAA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ခြင်းအပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့က ယနေ့(ဩဂုတ် ၄ရက်)တွင် ဂုဏ်ပြုသဝဏ်လွှာပေးပို့သည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့ ဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် အခိုင်အမာ တပ်တည်ဆောက်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင်၏ ရမခကို ဩဂုတ် ၃ရက်တွင် အောင်မြင်စွာ သိမ်းပိုက်လိုက်သည့်အတွက် ကျွန်ုပ်တို့ ညီနောင်တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သော KNPP၊ KNUနှင့် CNF တို့က လွန်စွာ အားရနှစ်သက်ပြီး ဝမ်းသာဂုဏ်ယူကြောင်း သိစေအပ်သည်ဟု ဖော်ပြသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း၏ အောင်မြင်မှုများအတွက် ဂုဏ်ယူအားရခြင်းဖြင့် အောင်ပွဲများ ဆက်လက်ရရှိရေးအတွက် ဆန္ဒပြုသကဲ့သို့ KNU၊ KNPPနှင့် CNF ညီနောင်တော်လှန်ရေးအဖွဲ့များကလည်း ဟန်ချက်ညီစွာဖြင့် အာဏာသိမ်းစစ်တပ်များ ပြိုလဲသည်အထိ ဆက်လက် တိုက်ပွဲဝင်ကြမည်ဟု သံဋိဌာန်ပြုကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ရမခ သိမ်းပိုက်နိုင်မှုအောင်ပွဲသည် စစ်ကောင်စီ ပြိုလဲရေးအတွက် မှတ်တိုင်တစ်ခုအဖြစ် အရေးပါသကဲ့သို့ စစ်ဆင်ရေးအောင်ပွဲမှတဆင့် စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်မဆို ဖယ်ရှားပြီး ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးအတွက် နိုင်ငံရေး နှင့် စစ်ရေး ဟန်ချက်ညီသည့် လုပ်ငန်းစဉ်ဖြင့် ပြည်သူလူထု လိုလားတောင့်တသော စနစ်သစ်ပြုပြင်ပြောင်းလဲရေးအတွက် အတူတကွ တိုက်ပွဲဝင်ကြမည်ဖြစ်ကြောင်း သဘောထား ထုတ်ဖော် ဂုဏ်ပြုအပ်သည်ဟု KNU၊ KNPPနှင့် CNF တို့က ထုတ်ပြန်ခဲ့သည်။

“စစ်ကောင်စီဘက်က အင်မတန်မောက်မာဝင့်ကြွားလေ့ရှိတဲ့ အမာခံစစ်တိုင်းကြီးထဲက ရမခ စစ်တိုင်းကြီးတစ်ခုအခုလိုမျိုး အချိန်တိုအတွင်းပြိုလဲသွားခြင်းဟာ ကျန်တဲ့စစ်တိုင်းတွေကလည်းရွှံ့ဗွက်အိမ်တွေလိုပဲမကြာမီပြိုလဲတော့မယ်ဆိုတာ ပြည်တွင်း၊ပြည်ပ နိုင်ငံတကာအပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းအားလုံးကိုအချက်ပေးခေါင်းလောင်းကြီးထိုးပေးလိုက်တာပဲ။”ဟု KNU ပြောရေး‌ဆိုခွင့်ရှိသူ ပဒိုစောတောနီးက ရမခ စစ်တိုင်းကျရှုံးမှု အပေါ် မှတ်ချက် ပြုသည်။

လားရှိုးမြို့သိမ်းတိုက်ပွဲကို MNDAAနှင့် မဟာမိတ်တပ်များက ဇူလိုင် ၃ရက်တွင် စတင်ခဲ့ရာ တစ်လအကြာ ဩဂုတ် ၃ရက်တွင် ရမခ စစ်တိုင်းဌာနချုပ် အပါအဝင် လားရှိုးရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ရမခ တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်မှုဖြစ်စဉ်မှာ စစ်တပ်၏ တိုင်းစစ်ဌာနချုပ်ကို ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက် နိုင်မှုလည်းဖြစ်သည်။

” ဒီညီနောင်တွေအနေနဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(လားရှိုး)ကို သိမ်းနိုင်တဲ့ အောင်မြင်မှုက ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတွေရဲ့ သမိုင်းမှာ မကြုံခဲ့ဖူးတဲ့ အောင်မြင်မှုကြီးတစ်ခုပေါ့။ ဆိုတော့ အများကြီး ဂုဏ်ယူဝမ်းသာပါတယ်။ ရှေ့ဆက်ပြီးတော့ အောင်မြင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်”ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ စစ်ရေး လက်အောက်ခံဖြစ်သော ကရင်နီတပ်မတော် KAသည် ကရင်နီ(ကယား)ပြည်နယ် တွင် နွေဦးတော် လှန်ရေးတွင် စစ်ရေးဖော်ဆောင်နေသည်။

မယ်စဲ့မြို့သည် နွေဦးတော်လှန်ရေးကာလအတွင်း KA နှင့်အတူ ကရင်နီပူးပေါင်းတပ်များက ပထမဆုံးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် မြို့ ဖြစ်သည်။

ထို့အတူ ကရင်အမျိုးသားအစည်းအရုံး(KNU) ကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက ကရင်ပြည်နယ်အတွင်း ဖာပွန်၊သင်္ကန်းညီနောင်၊စုကလိနှင့် ကျိုက်ဒုံမြို့တို့ကိုသိမ်းပိုက် ထားသည်။

မကြာသေးမီရက်ပိုင်းက ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်ကြားရှိ စစ်ကောင်စီစခန်း သုံးခုကို CNF/CNA က သိမ်းနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ