ဟန်နွေ/People’s Spring
စစ်ရေး ၊နိုင်ငံရေး နှစ်ရပ်စလုံး ဟန်ချက်ညီ တိုက်ပွဲဝင်နိုင်ရေးသည် ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်ထူထောင်ရေးရည်မှန်းချက် ပေါက်မြောက်ရန် အဓိကအကျဆုံးဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။
ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် မဟာမိတ်များက အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်နိုင်မှုအပေါ် ပဒိုစောတောနီးက သဘောထား မှတ်ချက်ပြောကြားရာ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိ တော်လှန်တိုက်ပွဲဝင်နေမှုသည် စနစ်ပြောင်း လဲနိုင်ရေးအတွက်ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
” စစ်တပ်ကနေ ထစ်ကနဲရှိ အာဏာထသိမ်းတတ်တဲ့အကျင့်ဆိုး ထပ်မံမပေါ်ပေါက်ဖို့အတွက် အုပ်ချုပ်သူပြောင်းလဲဖို့အတွက်နဲ့လောက်တော့ကျနော်တို့စိတ်မဝင်စားတော့ဘဲ စနစ်တစ်ခုလုံးပြောင်းလဲပစ်ပြီးကိုယ်ရည်မှန်းဦးတည်ထားတဲ့ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်ထူထောင်နိုင်တဲ့အထိကျနော်တို့တော်လှန်ရေးအဖွဲ့အစည်းအားလုံးဟန်ချက်ညီညီ နဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်။စစ်ရေး၊နိုင်ငံရေးနှစ်ရပ်စလုံး ဟန်ချက်ညီညီတိုက်ပွဲဝင်နိုင်ရေးသည် ကျနော်တို့ရည်မှန်းချက်ပေါက်မြောက်နိုင်ဖို့အတွက် အဓိကအကျဆုံးအချက်ဖြစ်တယ်”ဟု ပဒိုစောတောနီးက ပြောကြားသည်။
လက်ရှိ လားရှိုးမြို့ ရမခ တိုင်းစစ်ဌာနချုပ် သိမ်းပိုက်နိုင်မှုသည် အင်မတန်မောက်မာသည့် စစ်ကောင်စီအတွက် နောက်ထပ်သော တိုင်းစစ်ဌာနချုပ်များ အချိန်တိုအတွင်း ပြိုလဲတော့မည်ဆိုသည်ကို အချက်ပေးသည့် ခေါင်းလောင်းဖြစ်သည်ဟု ဆိုသည်။
” အဲဒါကြောင်မို့ နိုင်ငံတကာအမြဲပြောနေကျစကားဖြစ်တဲ စကစ မရှိတော့ရင်၊ဗမာစစ်တပ်မရှိတော့ရင်တိုင်းပြည်ကြီးဟာဖရိုဖရဲဖြစ်ပြီးထိန်းမနိုင်သိမ်းမရနဲ့အကွဲကွဲ၊အပြားပြားသူတလူငါတမင်းဖြစ်ကုန်ကြတော့မယ်။ဒါလုံးဝမဟုတ်ပါဘူး။အခုတကယ့်မြေပြင်မှာဖြစ်ရှိနေတဲ့အရာတွေက နိုင်ငံတကာအသိုင်းအဝိုင်းကစိုးရိမ်နေရတဲ့အခြေအနေတွေနဲ့လုံးဝကွဲပြားနေပါတယ်။ ကျနော်တို့တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးဟာကိုယ်ထိန်းချုပ်လိုက်တဲ့နေရာတိုင်းကို ကိုယ့်ရဲ့ရှိရင်းစွဲအုပ်ချုပ်ရေးနဲ့တည်တည်ငြိမ် အုပ်ချုပ်သွားနေတာပဲလေ”ဟု ပဒိုစောတောနီးက ပြောသည်။
လက်ရှိ စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များရှိသည့် နယ်မြေများသို့ မရောက်နိုင်တော့သည့် အခြေအနေရှိနေကြောင်းလည်း ပဒိုစောတောနီးက ပြောသည်။
KNUနှင့် မဟာမိတ်များဖြစ်သည့် ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့သည် MNDAAနှင့် မဟာမိတ် တပ်များ၏ ဩဂုတ် ၃ရက် ရမခတိုင်းစစ်ဌာနချုပ်အောင်ပွဲအပေါ် ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး ဟန်ချက်ညီ စစ်ဆင်ရေးများ ဖော်ဆောင်မည်ဟု အသိပေးထားသည်။
“နိုင်ငံတကာကသာ ခါးစောင်းတင်၊မျက်နှာလွဲခဲပစ်မလုပ်ကြတော့ဘဲအသင့်တော်ဆုံးနဲ့ ကိုယ်နိင်တဲ့ဖက်ကနဲနဲပါးပါးလောက်ပဲဝိုင်းကူလိုက်ရင်တောင် ကျနော်တို့ရဲ့ စစ်အာဏာရှင်စနစ်နဲ့ဘယ်အာဏာရှင်စနစ်မဆိုချုပ်ငြိမ်းရေးအတွက်တိုက်ပွဲဝင်ရာမှာအောင်ပွဲရဖို့အတွက်ဒီ့ထက်မကပိုမိုမြန်ဆန်လာမှာဖြစ်ပြီးပြည်သူလူထုတွေနိစဓူဝခံစားနေရတဲ့ဒုက်ခ၊သုက်ခအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြတာပေါ့ဗျာ”ဟု ပဒိုစောတောနီးက ပြောသည်။


















































