ဟန်နွေ/People’s Spring
တအာင်းတပ်မတော်(TNLA)က သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာတွင် ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။
ဩဂုတ် ၄ရက် ညနေပိုင်းတွင် စစ်အင်ဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် TNLAတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အသိပေးထားပြီး ထိခိုက်ကျဆုံး အခြေအနေများ ဖော်ပြမထားပေ။
ဇူလိုင် ၃၁ရက်ကလည်း နောင်ချိုမြို့နယ် ရွှေမုဠောရွာသို့ စစ်အင်ဖြည့်တင်းလာသော စစ် ကောင်စီတပ်နှင့် TNLA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
သို့သော် နောင်ချိုမြို့ ၏ တောင်ဘက်ရှိ ကျေးရွာအချို့တွင် တိုက်ပွဲဖြစ်ပွားမှုရှိပြီး စစ်ကောင်စီတပ်က တောင်းခမ်းကျေးရွာ၌ တပ်စွဲအင်အားဖြည့်တင်းနေသည်ဟု နောင်ချိုဒေသခံများက ပြောသည်။
စစ်ကောင်စီသည် နောင်ချိုနှင့် ကျောက်မဲမြို့များအား ပြန်လည်ထိုးစစ်ဆင်ရန် ရှမ်းပြည်တောင် ပိုင်း ရပ်စောက်မြို့မှတဆင့် နောင်ချိုလမ်းကြောင်းသို့ အင်အားဖြည့်တင်းနေသည်ဟု ဒေသခံများပြောသည်။
TNLAက ထိုးစစ်ဆင်နေသည့် ကျောက်မဲ ခမရ(၅၀၁)၊ ခမရ(၅၀၂)တွင်လည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ဟု အသိပေးသည်။
ကျောက်မဲမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ-၁၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းအနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၃)ကြိမ်၊ ပတ္တမြားစေတီအနီးတဝိုက်သို့ Jet Fighterဖြင့် ဗုံး လေးကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။
လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိမရှိ အခြေအနေများ ဖော်ပြမထားပေ။
ယနေ့ သြဂုတ် ၄ရက်တွင် စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ် ခမရ (၅၀၁၊ ၅၀၂)တပ်စခန်းအတွင်းသို့ Y12 ဖြင့် လက်နက်ခဲယမ်းများ (၁၃)ထုတ် လာရောက်ကြဲချပေးခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီသည် ယခင်နေ့များကလည်း ကျောက်မဲ တပ်ရင်းအတွင်း ယခုကဲ့သို့ လေကြောင်းမှ လက်နက်ခဲယမ်းများ ဖြည့်တင်းခြင်းပြုလုပ်ခဲ့သည်။
TNLAသည် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်မြို့များကို ဇွန်လ ၂၅ရက်က ထိုးစစ်ဆင်ခဲ့ရာ ကျောက်မဲမှအပ ကျန်မြို့များရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားပြီးဖြစ်သည်။