ဟန်နွေ/People’s Spring
စစ်တပ်သမိုင်းတွင် အစဉ်အလာကြီးမားသည်ဆိုသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်မတော်(MNDAA)နှင့် မဟာမိတ်များက အချိန်တိုအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းက တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ကျန်တိုင်းစစ်ဌာနချုပ်နယ်မြေများကို သိမ်းပိုက်နိုင်ရန် ပိုမိုလမ်းပွင့်သွားပြီဆိုသည်ကို ပြသနေကြောင်း CDM အရာရှိတို့က မှတ်ချက်ပြု ပြောကြားသည်။
ရမခ အခြေစိုက်သည့် လားရှိုးမြို့သိမ်းတိုက်ပွဲကို MNDAAနှင့် မဟာမိတ်များက ဇူလိုင် ၃ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ဩဂုတ် ၃ရက်တွင် ရမခ စခန်းရုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ် ၄ရက်တွင် စစ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နှင့် အရာရှိများကို လက်ရဖမ်းမိခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးပထမပိုင်းအပြီး အပစ်ရပ်စဲထားချိန် စစ်ကောင်စီအနေဖြင့် ရမခ စစ်တိုင်း အတွက် ကြိုတင်ပြင်ဆင်ချိန် ၅လခန့် ရသော်လည်း ကောင်းမွန်စွာ ပြင်ဆင်နိုင်မှုမရှိခဲ့သည်ကို တွေ့မြင်ရကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
” အင်အားဖြည့်တင်းမှုလည်း မလုပ်နိုင်ဘူး။ အင်အားဖြည့်တင်းမှု မလုပ်နိုင်တာက အင်အားတွေ လက်ကျန်မရှိတော့တာလည်း ပါပါတယ်။ဒါကိုတော့ ငြင်းမရပါဘူး။ ရန်ကုန်တိုင်းကနေ စစ်ဗျူဟာတစ်ခု အားဖြည့်ထားပေမယ့် လားရှိုးကို သေချာပေါက်တိုက်မယ်ဆိုတာ အခြားအဆင့်ရဲဘော် စစ်သည်အဆင့်လောက်တောင် မပြောနဲ့ တော်လှန်ပြည်သူတွေတောင်မှပဲ သိပါတယ်။ နောက်တစ်ခါတိုက်ရင် လားရှိုးကို တိုက်တော့မယ်။ ဒါပေမဲ့ လားရှိုးကို ပီပီပြင်ပြင် စစ်အင်အားဖြည့်တင်းနိုင်ခြင်းမရှိခဲ့ဘူး။ ပြီးတော့ ခံစစ်ပြင်ဖို့ဆိုရင် အခိုင်အမာ ခံစစ်တွေ သူတို့ ပြင်လို့ရပါတယ်။ ခေတ်သစ်စစ်ပွဲမှာ ဒရုန်းနဲ့ ပစ်တယ်။ အမြောက် လက်နက်ကြီး ဒဏ်တွေ ခံလို့ရအောင် ဘန်ကာတွေ ကတုတ်ကျင်းတွေ သေချာလုပ်လို့ရပါတယ်။ ဒါပေမဲ့ တကယ် စတိုက်ပြီ ဟေ့ဆိုပြီးတော့ ရေလယ်ကောင်ကို ရောက်တဲ့အချိန်ကျကာမှ ဆာလာအိပ်တွေ လာပေးတယ်။ ဒါက စစ်ဗိုလ်ချုပ်တွေရဲ့ လက်တန်းအစီအမံတွေပေါ့” ဟု ဗိုလ်ကြီး ဇင်ယော်က ရမခ စစ်တိုင်းအချိန်တိုအတွင်း ကျရှုံးမှု အကြောင်းအရင်း များကို ပြောပြသည်။
ထို့ပြင် စစ်ကောင်စီ အနေဖြင့် နည်းပညာမြင့် ဒရုန်းများ ရှိသော်လည်း ထိုပစ္စည်းများကို အသုံးချနိုင်ခြင်းမရှိဟု ဆိုသည်။
” နောက်တစ်ချက်က ရမခဆိုတဲ့နေရာကို ရောက်လာတဲ့ စစ်သားအများဆုံးဟာ စီးပွားရေးဂွင် ပြည်သူ့စစ်တွေနဲ့ ပေါင်းမယ်၊ စီးပွားရေးလုပ်မယ်ဆိုတဲ့ အသိဉာဏ်မျိုးလောက်ပဲရှိပါတယ်။ တကယ့်တကယ် ပရော်ဖက်ရှင်နယ် စစ်သားမဆန်တော့ဘူး။ အခု နောက်ဆုံး ကျနော်တို့ MNDAAနဲ့ ကာကွယ်ရေးတပ်တွေက ခေတ်သစ်စစ်ပွဲပုံစံနဲ့ ဆင်နွှဲလာတဲ့အချိန်မှာ မတိုက်ခင်ကကျနှင့်ပြီ ဆိုသလိုပဲ တစ်လအချိန်အတွင်းမှာပဲ တိုင်းစစ်ဌာနချုပ်ဆိုတဲ့နေရာကြီးကို ထင်ထားတာထက်တောင်ပိုစောပြီး စွန့်လွှတ်လိုက်ရတာကို ကြည့်ခြင်းအားဖြင့် ဒီစစ်ဗိုလ်ချုပ်တွေ က စစ်ပွဲထက် အာဏာရရှိရေး အုပ်ချုပ်ရေးပိုင်းကိုပဲ စိတ်ဝင်စားနေတဲ့ အနေအထားမျိုး မှာ တွေ့ရပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
အောက်ခြေက စစ်သားတွေကိုသာ စစ်တိုက်ရန် ဖိအားပေး ခိုင်းစေနေသော်လည်း စနစ်တကျ စစ်တိုက်ခိုင်းနိုင်ခြင်းမရှိကြောင်းကို တန့်ယန်းဘက်မှ လားရှိုးသို့ စစ်ကူပို့သည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်များခဲ့သည့် အခြေအနေကို ဥပမာပေးသည်။
” စစ်ကူပို့လိုက်တဲ့ တန့်ယန်းဘက်က ပို့လိုက်တဲ့ စကခ (၁၂) စစ်ကြောင်းဆိုရင်လည်း သွားသာသွားခိုင်းတာ လမ်းမှာ ဒီယာဉ်တန်းသွားမယ်ဆိုရင် လမ်းလုံခြုံရေးတွေ ချရမယ်၊ စစ်ဗျူဟာမြောက် ချီတက်သွားရမယ်ဆိုတဲ့ သီအိုရီတွေကိုဖယ်ရှားပြီး အခုရောက်အောင်သွားဆိုတဲ့ ပုံစံမျိုးနဲ့ လိုင်းကားပေါ် သွားသလို ဘုရားပွဲလှည့်သလို ကထိန်ပွဲလှည့်သလိုသွားလို့ ဒီလိုမျိုးတွေဖြစ်လာရတာ။ ဒါကြောင့် စစ်ဗိုလ်ချုပ်တွေဟာ အုပ်ချုပ်ရေးကိုပဲ စိတ်ဝင်စားသွားပြီးတော့ စစ်ရေးမှာ စိတ်မဝင်စားတော့လို့ အလွယ်တကူ ရှုံးသွားတယ်လို့ ပြောလို့ရပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
CDM ဗိုလ်ကြီး လင်းထက်အောင်ကလည်း “အရင်တုန်းကတော့ တပ်ရင်းဌာနချုပ်တွေကိုပဲ ၀င်ရောက်သိမ်းပိုက်တာလေ။ အခုက တိုင်းစစ်ဌာနချုပ်ဆိုတာ တကယ့်ကို central command အမျိုးအစားထဲမှာပါတယ်ပေါ့နော်။ ဒီ တိုင်းစစ်ဌာနချုပ် သိမ်းပိုက်မှုကနေ စစ်တပ်ရဲ့ အရှက်တကွဲ ရှုံးနိမ့်မှုကြီးလာပြီလို့ ပြောလို့ရတယ်။ ဒါကနေ အကျိုးဆက်တွေက ဘာဖြစ်မလဲဆိုတော့ ဒီတိုင်းစစ်ဌာနချုပ် နဲ့ ဆက်စပ်နယ်မြေတွေအားလုံး လက်လွှတ်ဆုံးရှုံးရမယ်။ နောက်ပြီးတော့ တခြားသော နယ်မြေဒေသတွေကို သိမ်းပိုက်နိုင်ဖို့ အခွင့်အရေးတွေ တော်လှန်ရေးတပ်တွေအတွက် ပိုပြီးတော့ရလာနိုင်ခြေတွေ အများကြီးရှိပါတယ်” ဟု ပြောသည်။
စစ်တိုက်ခြင်းသည် စိတ်ဓာတ်နှင့် များစွာ သက်ဆိုင်ပြီး စိတ်ဓာတ်ကောင်းမှ စစ်ရေးစွမ်းရည် တက်လာမည်ဖြစ်သည်ဟု ဆိုသည်။
“တော်လှန်ရေးတပ်တွေရဲ့ စိတ်ဓာတ်နဲ့ စစ်ရေးစွမ်းရည်တက်လာတဲ့အချိန်မှာ ဒီအချိန်မှာ ဆက်လက်ပြီး တိုက်ခိုက်သိမ်းပိုက်ဖို့လမ်းတွေပိုပြီး ပွင့်သွားမယ်လို့ မြင်ပါတယ်” CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။
CDM ဗိုလ်ကြီး ဇင်ယော်ကလည်း အစဉ်အလာကြီးများပြီး စစ်တပ်၏ တိုင်းစစ်ဌာနချုပ် ၁၄ခုအနက် စစ်အင်္ဂါစဉ်အရ တတိမြောက် စစ်တိုင်းဖြစ်သည့် ရမချ ကျရှုံးသွားပြီဖြစ်၍ ကျန် စစ်တိုင်းများလည်း ပြင်ထားရန်လိုအသည်ဟုပြောသည်။
“ဟိုးအရင် ရှေးကာလတွေပေါ့နော် လွတ်လပ်ရေးရပြီးကာလတွေမှာ တရုတ်ဖြူ ကူမင်တန်တွေကို မောင်းထုတ်နိုင်ခဲ့တယ်။ ပြီးရင် မြောက်များလှစွာသော ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း တိုက်ပွဲတွေ အများကြီး ဖြစ်ခဲ့တယ်။ စစ်သားဖြစ်ခဲ့တာချင်းတူရင်တောင်မှပဲ ရှမ်းမြောက်ဂွင် ဝင်ဖူးလား။ နေဝန်းနီကို ရောက်ဖူးလား။ ငါတို့ လက်မောင်းက နေဝန်းနီဆိုပြီးတော့ ဂုဏ်ယူစွာ ပြောခဲ့တဲ့ စစ်အတိုက်နိုင်ဆုံး တိုက်စစ်ဌာနချုပ်ကြီး တစ်ခုလုံးတောင်မှပဲ တစ်လအတွင်းမှာ ဆုတ်ခွာထွက်ပြေးသွားရတယ်ဆိုတော့ ကျန်တဲ့ တိုင်းစစ်ဌာနချုပ်တွေကတော့ တကယ်တိုက်ရင် တကယ် လက်နက်ချရမယ် စွန့်ခွာ ဆုတ်ခွာ ထွက်ပြေးသွားရတော့မယ်ဆိုတဲ့ဟာကိုကျန်တဲ့ လက်နက်ကိုင်တိုက်နေတဲ့ အထဲထဲက အောက်ခြေတပ်မှူးတွေ စစ်သားတွေ သိစေချင်ပါတယ်”ဟု ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
ပြည်သူများအနေဖြင့်လည်း တိုက်ပွဲသတင်းများ နားစွန့်ထားရန်နှင့် စစ်ကောင်စီ၏ လေကြောင်းရန်၊ လက်နက်ကြီးရန်များအတွက် ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းသည်။
မြို့ကြီးများကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်လာပါက ပြည်သူကို ဒုက္ခပေးခြင်းမရှိသောလည်း စစ်ကောင်စီ၏ ရက်စက်စွာ ချေမှုန်းတိုက်ခိုက်ခြင်းများရှိ၍ လေကြောင်းရန်နှင့် လက်နက်ကြီး ရန် ကာကွယ်နိုင်ရေး အဆင်ပြေအောင် ပြင်ဆင်နေထိုင်ရန်လိုအပ်ကြောင်း ပြောသည်။
“ဗမာပြည်တစ်ပြည်လုံးကတော့ စစ်အာဏာရှင် မပြုတ်ကျမချင်း တိုက်ပွဲတွေရှိနေအုံးမယ်”ဟုလည်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ထို့ကြောင့် သတင်းများကို စဉ်ဆက်မပြတ် နားစွန့်ပြီး အသက်၊ အရေးကြီး ပစ္စည်းများ လုံခြုံအောင် နေထိုင်ကြရန် တိုက်တွန်းသည်။
နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ကိုရဲမျိုးဟိန်းကလည်း လားရှိုးတိုက်ပွဲနှင့်ပတ်သက်ပြီး လူမှုကွန်ရက်၌ ရေးသားထားရာ လားရှိုးတိုက်ပွဲ မြန်မာပြည် ပြည်တွင်းစစ်သမိုင်း၌ မြို့ပေါ်တွင် တိုက်ခိုက်သည့် အပြင်းထန်ဆုံး စစ်ပွဲ တစ်ပွဲအဖြစ် မှတ်တမ်းတင်ရမည်ဟု သုံးသပ်သည်။
“ဒီစစ်ပွဲဟာ စစ်တပ်ရဲ့ စစ်ဌာနချုပ်ကြီးကိုပြင်းပြင်းထန်ထန် တိုက်ရတဲ့ မြို့သိမ်းတိုက်ပွဲ ဖြစ်လေတော့ မြို့ပျက်ဆီးဆုံး ရှုံးမှု၊ အရပ်သားထိခိုက်သေဆုံးမှု၊ နှစ်ဖကိထိခိုက်ကျဆုံးမှုတွေက အတော်လေးကြီးမားတာကို တွေ့ရတယ်။ဒီစစ်ပွဲဟာ ရုတ်တရက် အလစ်ငိုက်တိုက်ခဲ့တဲ့ စစ်ပွဲမဟုတ် ဘူး။ မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ MNDAA ဦးဆောင်တဲ့တပ် တွေဟာ တိုက်ပွဲတွေမစခင် ရက်အတော်ကြာကတည်းကလားရှိုးတဝိုက်မှာ တပ်တွေရွှေ့နေတာ မြေပြင်သတင်းတွေ အရအထင်းသားတွေ့ရတယ်။ စစ်တပ်ဘက်ကလဲ မြို့မကျ ရေး၊ စစ်တိုင်းဌာနချုပ်မကျရေးအတွက် ခံစစ်ကို အကြီးအ ကျယ်ပြင်ခဲ့တယ်။ တကယ်တိုက်ကြတော့လဲ နှစ်ဖက် ပြင်းပြင်းထန်ထန်ကို တိုက်ခဲ့ကြသလို စစ်တပ်ဘက်က လေကြောင်းနဲ့လက်နက် ကြီးကို အကြိမ်ပေါင်းရာချီအသုံးပြုခဲ့တယ်”ဟု ကိုရဲမျိုးဟိန်းက ရေးသားထားသည်။
အဆိုပါတိုက်ပွဲ၌ စစ်တပ်ရှုံးနိမ့်သွားခြင်းသည် လက်ရှိစစ်ပွဲများ၌ စစ်တပ်(စစ်ကောင်စီတပ်)နှင့် စစ်တပ်ဆန့်ကျင်ရေးတော်လှန်ရေးအင်အား စုတွေကြားက စစ်ရေးမျှခြေ [military equilibrium] သိသိသာသာပြောင်းလာခြင်းကို ထင်ရှားစွာ ပြသနေဟု သုံးသပ်ထားသည်။
“စစ်တပ်ဟာ အရင်က အမြဲကြွေးကြော်ခဲ့တဲ့ တိုင်းပြည်တခု လုံးကို ထိန်းချုပ်နိုင်တဲ့ နိုင်ငံအဆင့်စစ်တပ်ပုံစံမျိုးမဟုတ်တော့ဘူးဆိုတာကိုလဲ အထင်းသားမြင်တွေ့လိုက်ရပါတယ်။ စစ်တပ်ဟာ လေကြောင်း၊ လက်နက်ကြီးတွေသုံးနိူင်သေးပေ မယ့် တိုက်ခိုက်နိူင်မှုစွမ်းရည်၊ ရပ်တည်မှုအနေအထားအရ National Army ကြီးတခုဆိုတာထက် သာမန် လက်နက် ကိုင်အဖွဲ့တဖွဲ့အဖြစ်ကို ယုတ်လျော့ကျဆင်းလာနေတယ်ဆို တာကို အရင်က အကြိမ်ပေါင်းများစွာပြောဖြစ်ခဲ့တယ်။ အခု ဒီတိုက်ပွဲက ဒီအချက်ကို ထင်ထင်ရှားရှားပြသခဲ့တယ်လို့ မြင်တယ်။ အခုပွဲရလဒ်ကို စောင့်ကြည့်နေတဲ့ နိုင်ငံတကာကပါ ဒီလိုမြင်လာဖို့ရှိပါတယ်”ဟု ကိုရဲမျိုးဟိန်းက ရေးသားထားသည်။
ရမခ ကျရှုံးမှုသည် စစ်တပ်အတွက် စစ်တိုင်းတခုဆုံးရှုံးသည်ထက်ပိုမိုကြောင်းလည်း ဆိုသည်။
” ဒါဟာ သမာရိုးကျပုံစံတိုက်ရတဲ့ စစ်ပွဲကြီးမှာရှုံးတာ၊ ခံစစ်အတွက် သေချာပြင်ဆင်ခဲ့ပေမယ့်လည်း ရန်သူရဲ့တိုက်စစ်ကို မခုခံ နိုင်လောက်တဲ့အထိ တိုက်ရေးခိုက်ရေးစွမ်းရည် အားနည်းနေတာ၊ အရမ်းအရေးကြီးတဲ့စစ်ပွဲဖြစ်ပေမယ့်လည်း တိုက် နေတဲ့အတောအတွင်း အရေးနိမ့်လာချိန်မှာ ပြန်အဖတ်ဆည် နိုင်လောက်တဲ့ အားမျိုးမရှိတော့တဲ့အထိ တပ်ရဲ့အင်စတီကျူးရှင်းဟာ ယိမ်းယိုင်နေတာ စတဲ့ စတဲ့ အချက်တွေ ပြော ရရင်တော့ အများကြီးပါ၊ ရမခဟာ စစ်တိုင်း ၁၄ ခုထဲက တခုဆိုပေမယ့် ရမခကျ သွားတာ လစ်ဗျားစစ်ပွဲမှာ ခါမစ်တပ်မဟာဌာနချုပ်ကျသ လို စစ်တပ်ထဲမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာသက်ရောက်မှုကြီး သလို တော်လှန်ရေးအင်အားစုတွေကြားမှာလည်း စိတ် ဓာတ်အကြီးအကျယ်တက်စေပါတယ်။ ဒီကျဆုံးမှုဟာ နောက်ဆက်တွဲသက်ရောက်မှု [Domino Effect]တွေအများ ကြီးရှိပါတယ်” ဟုလည်း ကိုရဲမျိုးဟိန်းက သုံးသပ်သည်။
ယခု လားရှိုးတိုက်ပွဲသည် သီးခြားဖြစ်တည်နေသည့် အဖြစ်အပျက်မဟုတ်ဘဲ ၃နှစ်ကျော်ကြာ ခုခံတော်လှန်စစ် ရေစီးကြောင်း၏ ဖြစ်ပေါ် တိုးတက်လာမှု တစ်ခုဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း ရမခ တိုင်းစစ်ဌာနချုပ် သိမ်းပိုက်နိုင်မှုသည် အင်မတန်မောက်မာသည့် စစ်ကောင်စီအတွက် နောက်ထပ်သော တိုင်းစစ်ဌာနချုပ်များ အချိန်တိုအတွင်း ပြိုလဲတော့မည်ဆိုသည်ကို အချက်ပေးသည့် ခေါင်းလောင်းဖြစ်သည်ဟု မှတ်ချက်ပြုသည်။
စစ်ကောင်စီတပ် မရှိပါက တိုင်းပြည် ဖရိုဖရဲဖြစ်မည်ဆိုသည့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိုးရိမ်နေရသည့် အခြေအနေများနှင့် ကွဲလွဲနေပြီး တော်လှန်ရေးအဖွဲ့အစည်းများက ထိန်းချုပ်လိုက်သည့် နေရာတိုင်းကို ရှိရင်းစွဲ အုပ်ချုပ်ရေးနှင့် တည်ငြိမ်စွာ အုပ်ချုပ်သွားနေမှုကိုလည်း တွေ့ရကြောင်း ပဒိုစောတောနီးက ပြောသည်။
လက်ရှိ စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များရှိသည့် နယ်မြေများသို့ မရောက်နိုင်တော့သည့် အခြေအနေရှိနေကြောင်းလည်း ပဒိုစောတောနီးက ပြောသည်။
” နိုင်ငံတကာကသာ ခါးစောင်းတင်၊မျက်နှာလွဲခဲပစ်မလုပ်ကြတော့ဘဲအသင့်တော်ဆုံးနဲ့ ကိုယ်နိင်တဲ့ဖက်ကနဲနဲပါးပါးလောက်ပဲဝိုင်းကူလိုက်ရင်တောင် ကျနော်တို့ရဲ့ စစ်အာဏာရှင်စနစ်နဲ့ဘယ်အာဏာရှင်စနစ်မဆိုချုပ်ငြိမ်းရေးအတွက်တိုက်ပွဲဝင်ရာမှာအောင်ပွဲရဖို့အတွက်ဒီ့ထက်မကပိုမိုမြန်ဆန်လာမှာဖြစ်ပြီးပြည်သူလူထုတွေနိစဓူဝခံစားနေရတဲ့ဒုက်ခ၊သုက်ခအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြတာပေါ့ဗျာ”ဟု လည်း ပဒိုစောတောနီးက ပြောသည်။
ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း “ဒီညီနောင်တွေအနေနဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(လားရှိုး)ကို သိမ်းနိုင်တဲ့ အောင်မြင်မှုက ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတွေရဲ့ သမိုင်းမှာ မကြုံခဲ့ဖူးတဲ့ အောင်မြင်မှုကြီးတစ်ခုပေါ့။ ဆိုတော့ အများကြီး ဂုဏ်ယူဝမ်းသာပါတယ်။ ရှေ့ဆက်ပြီးတော့ အောင်မြင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်”ဟု ပြောကြားခဲ့သည်။
ရမခသိမ်းပိုက်နိုင်မှုအပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) သုံးဖွဲ့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ရာ အဆိုပါအောင်မြင်မှုအတွက် လွန်စွာ အားရနှစ်သက်ပြီး ဝမ်းသာဂုဏ်ယူကြောင်း ဖော်ပြသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း၏ အောင်မြင်မှုများအတွက် ဂုဏ်ယူအားရခြင်းဖြင့် အောင်ပွဲများ ဆက်လက်ရရှိရေးအတွက် ဆန္ဒပြုသကဲ့သို့ KNU၊ KNPPနှင့် CNF ညီနောင်တော်လှန်ရေးအဖွဲ့များကလည်း ဟန်ချက်ညီစွာဖြင့် အာဏာသိမ်းစစ်တပ်များ ပြိုလဲသည်အထိ ဆက်လက် တိုက်ပွဲဝင်ကြမည်ဟု သံဋိဌာန်ပြုကြောင်းလည်း အသိပေးသည်။
ရမခ သိမ်းပိုက်နိုင်မှုအောင်ပွဲသည် စစ်ကောင်စီ ပြိုလဲရေးအတွက် မှတ်တိုင်တစ်ခုအဖြစ် အရေးပါသကဲ့သို့ စစ်ဆင်ရေးအောင်ပွဲမှတဆင့် စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်မဆို ဖယ်ရှားပြီး ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးအတွက် နိုင်ငံရေး နှင့် စစ်ရေး ဟန်ချက်ညီသည့် လုပ်ငန်းစဉ်ဖြင့် ပြည်သူလူထု လိုလားတောင့်တသော စနစ်သစ်ပြုပြင်ပြောင်းလဲရေးအတွက် အတူတကွ တိုက်ပွဲဝင်ကြမည်ဖြစ်ကြောင်း သဘောထား ထုတ်ဖော် ဂုဏ်ပြုအပ်သည်ဟု KNU၊ KNPPနှင့် CNF တို့က ထုတ်ပြန်ခဲ့သည်။
(ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် မဟာမိတ်များက အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – MNDAA)