သတိုး/People’s Spring
ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေမှ စက္ကူစက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်နေသည့် မြန်မာလုပ်သား ၃၀၀ကျော်အတွက် နစ်နာကြေး ဘတ် ၁၈ သန်းကျော်ရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။
” ဒါက ၂ နှစ်အတွင်း ထိုင်းနိုင်ငံမှာ အလုပ်ဖြုတ်ခံရတဲ့ မြန်မာအလုပ်သမားအမှုတွေထဲမှာ အများဆုံးရတဲ့ နစ်နာကြေးဖြစ်ပါတယ်။ အလုပ်သမား ၃၈၀ ဦးအတွက် နစ်နာကြေးရရှိငွေပေါင်းက ဘတ် ၁၈ သန်းကျော်ပါ”ဟု၎င်းက ပြောသည်။
နစ်နာကြေးရရှိရန်အတွက် MHAC မဟာမိတ်အဖွဲ့၊ LPN ဖောင်ဒေးရှင်းနှင့် အတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အလုပ်သမားဝန်ကြီးဌာနကလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း ကိုရဲမင်းက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ဒုတိယပတ်တွင် အဆိုပါစက္ကူစက်ရုံသည် အလုပ်သမားများကို ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စကားပြန်မှတစ်ဆင့် ပြောကြားကာ စက်ရုံပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး မြန်မာလုပ်သား ၃၀၀ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ခြင်းဖြစ်သည်။
စက်ရုံဘက်မှ နစ်နာကြေးအဖြစ် လုပ်သက်တစ်နှစ် ဘတ်တစ်သောင်း ၊ နှစ်နှစ် ဘတ်နှစ်သောင်း နှင့် သုံးနှစ်မှ ငါးနှစ်အထိ ဘတ်သုံးသောင်းပေးမည်ဟု ပြောကြားခဲ့သော်လည်း အလုပ်သမားများက မကျေနပ်သောကြောင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးကူညီဆောက်ရွက်ပေးနေသည့် (M.H.A.C) မဟာမိတ်အဖွဲ့ထံ ဆက်သွယ်အကူ အညီတောင်းခံခဲ့ပြီး (M.H.A.C) မဟာမိတ်အဖွဲ့က ထိုင်းအလုပ်သမားဥပဒေနှင့်အညီ အလုပ်သမားများ၏ နစ်နာမှုများအတွက် ခံစားခွင့်ရရှိနိုင်ရန် စက္ကူစက်ရုံသို့သွားရောက်၍ အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးမှုများပြု လုပ်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
“စက်ရုံစပိတ်တဲ့အချိန်က အလုပ်ရှင်က ထိုက်သင့်တဲ့ နစ်နာကြေးမပေးဘူး။ ကျွန်တော်တို့ကို (M.H.A.C) အဖွဲ့ ကိုရဲမင်းရုံးက ကူညီဆောင်ရွက်ပေးမှ ထိုက်သင့်တဲ့နစ်နာကြေးနဲ့ လူမှုဖူလုံရေးကြေးခံစားခွင့် ဘိုင်ကျန့်အော့ စတာတွေရရှိခဲ့တာပါ ။ကျွန်တော်တို့တွေကို အစစ အရာရာကူညီပေးတဲ့ ကိုရဲမင်းကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်”ဟု အလုပ်သမားတစ်ဦးက ပြောသည်။
ထို့ကြောင့် M.H.A.C မဟာမိတ်အဖွဲ့၏ ကူညီပေးမှုကြောင့် လုပ်သက် ၁ နှစ်မှ ၂ နှစ်ကျော်အထိ နစ်နာကြေးဘတ် ၃၂,၆၇၀ နှင့် လုပ်သက် ၃ နှစ်မှ ၅ နှစ်အထိ အလုပ်သမားမျအား နစ်နာ ကြေး ဘတ် ၆၅,၃၄၀ စီကို အလုပ်ရှင်က သဘောတူ ပေးချေခဲ့ကြောင်း ကိုရဲမင်းက ပြောသည်။
ထို့ပြင်M.H.A.C မဟာမိတ်အဖွဲ့မှ အလုပ်သမားများ အလုပ်ရှာနေချိန်တွင် လူမှုဖူလုံရေးကြေး (၂) လစာရရှိရန်အတွက် လူမှုဖူလုံရေးရုံးသို့ တင်ပြတောင်းခံပေးထားပြီး အလုပ်သမားများအနေ ဖြင့် အလုပ်ရှာသည့်ကာလအတွင်း ထောက်ပံ့ကြေးငွေများလည်း ရရှိဦးမည်ဖြစ်ကာ အလုပ်ပြောင်းရွှေ့ခွင့်လည်း ရရှိမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။