ဟန်နွေ/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အား စစ်ကောင်စီမှ ပေါင်(၅၀၀)ဗုံး အသုံးပြုကာ ဂျက်လေယာဥ်ဖြင့် လေးကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ငါးဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကတည်းက TNLA သိမ်းပိုက်ထားသည့် ကွတ်ခိုင်မြို့ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်ဟုဆိုသည်။
ယနေ့ (သြဂုတ် ၅ရက်)တွင် စစ်ကောင်စီက ကွတ်ခိုင်မြို့သို့ ကင်းထောက်လေယာဉ် ပျံဝဲခဲ့ပြီး မွန်းလွဲ ၃နာရီမှ ၃နာရီခွဲအတွင်း လေကြောင်းမှ လေးကြိမ်တိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။
ထိုသို့ တိုက်ခိုက်ရာ၌ ဖျက်အားပြင်း လက်နက်အမျိုးအစားဖြစ်သည့် ပေါင်(၅၀၀)ဗုံး ခုနစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့လယ် လမ်းဆုံတွင် တစ်နေရာ၊ ကွတ်ခိုင်မြို့မစျေးနှင့် မြို့အတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား(၃)ဦးနှင့် မြို့လယ်ရှိ ဒေသခံ နှစ်ဦး စုစုပေါင်း ငါးဦး ပွဲချင်းပြီး သေဆုံးကာ လေးဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။
ထို့ပြင် ကွတ်ခိုင်မြို့တွင်းရှိ နေအိမ် ငါးလုံးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ပြီး မြို့မစျေးရှိ ဆိုင်ခန့်တချို့လည်း မီးလောင်ခဲ့ကြောင်း၊ မီးလောင်မှု ဖြစ်စဉ်ကို TNLA ၏ ကွတ်ခိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ အချိန်မှီ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။
TNLA ဦးဆောင်သည့်မဟာမိတ်တပ်များက ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ သီပေါ၊ နောင်ချိုမြို့များကို ထိုးစစ်ဆင် တိုက်ခိုက်ပြီး တစ်လအတွင်း မိုးကုတ်၊မိုးမိတ်၊ နောင်ချိုမြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ အခြေအနေတွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကွတ်ခိုင်ကို ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်လာခြင်းဖြစ်သည်။
စစ်ကောင်စီသည် ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်ထားသည့် လောက်ကိုင်နှင့်သိန္နီမြို့များကိုလည်း တိုက်ပွဲမဖြစ်ဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဇူလိုင် ၂၇ရက်က သိန္နီမြို့ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့၍ ဒေသခံ ၇ဦးသေဆုံးခဲ့ရသည်။
မိုးကုတ်၊ မိုးမိတ်နှင့် နောင်ချိုမြို့များတွင်လည်း စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်သော်လည်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုအန္တရာယ်ကို ပြည်သူများအနေဖြင့် သတိပြုရန် TNLAက သတိပေးထားသည်။