စောနွေဦး/People’s Spring
တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊ ရန်ကုန်-ထားဝယ်-မြိတ်လမ်းမကြီးပေါ်ရှိ မောင်မယ်ရှောင်ရွာကို စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံများကပြောသည်။
အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သားများက ခြေလျင်အပြင် မြေသယ်ကား ၄စီးဖြင့် မောင်မယ်ရှာင် ရွာအတွင်းကို ယနေ့ (သြဂုတ် ၅)ရက် နေ့လယ် ၁၁ နာရီခန့်ကဝင်ရောက်ခဲ့ပြီး ညနေ ၃ နာရီခန့်တွင် မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
“ရွာအရှေ့ပိုင်းက စဝင်ပြီး နေအိမ် ၁၀ လုံးကျော်ကို မီးရှိ့သွားတယ်။ အခုအထိတော့ လောင်နေဆဲပဲ။ ကိုယ်အိမ်မီးလောင်နေတာကို ထိုင်ကြည့်နေရတယ်”ဟု အဆိုပါဒေသခံကပြောသည်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီတပ်တို့ကြား သြဂုတ် ၄ ရက်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ကရွာကို ယခုလို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု အခြားဒေသခံတစ်ဦးကပြောသည်။
“မနေ့ကတိုက်ပွဲမှသူတို့ အထိနာလို့ အခုလို့ ရွာကို အညှိုးနဲ့မီးရှို့သွားတာပေါ့”ဟု ၎င်းကဆက်ပြောသည်။
အဆိုပါကျေးရွာကို စစ်ကောင်စီက ဇွန်လ ၂၆ ရက်ကလည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။
စစ်ကောင်စီတပ်သည် မောင်မယ်ရှောင်ရွာအတွင်း တပ်စွဲထားပြီးနေအိမ်များကို ဖောက်ထွင်းခိုးယူနေသဖြင့် ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလှိုင် ၃၁ ရက်ကဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။ ထိုပြင် ဇူလှိုင်၂၄ ရက်ကလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၅ဖွဲ့က ထိုကျေးရွာရှိ စစ်ကောင်စီတပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးခဲ့ကြောင်းလည်း အဆိုပါအဖွဲ့များကထုတ်ပြန်ထားသည်။
စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ ဇ့န်လကုန်အထိ့ သုံးနှစ်ကျော်ကာလအတွင်းပြည်သူနေအိမ်ပေါင်း အနည်းဆုံး ၉၅,၀၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data for Myanmar အဖွဲ့ကထုတ်ပြန်ထားသည်။