Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက လားရှိုးစစ်ဆေးရုံကို လေကြောင်းတိုက်ခိုက်ပြီး မဟာမိတ်တပ်များအား စွပ်စွဲ

ဒဏ်ရာရ စစ်သားနှင့် မိသားစုဝင်များကို MNDAAက ဆေးကုသမှုပေးပြီး အစားအစာထောက်ပံ့ပေးခဲ့ဟု လားရှိုးစစ်ဆေးရုံ အရိုးအထူးကု ပါရဂူပြော

လားရှိုးစစ်ဆေးရုံမှ အစောင့်တပ်ဖွဲ့ဝင်များ MNDAA ထံလက်နက်ချအလင်းဝင်လာစဉ်။ ဓာတ်ပုံ - File Photo

ထားမြတ်၊မိထက်/People’s Spring

မင်းအောင်လှိုင် အာဏာသိမ်းစစ်တပ်၏ တိုက်လေယာဉ်များသည် လားရှိုးမြို့တပ်မတော် ဆေးရုံကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး မဟာမိတ်တပ်များကို စွပ်စွဲခဲ့ကြောင်း ကိုးကန့် တပ်မတော်(MNDAA)က ယနေ့ ထုတ်ပြန်သည်။

ထိုသို့ထုတ်ပြန်မှုနှင့်အတူ အမှတ်(၉)တပ်မတော် ဆေးရုံ ကုတင်(၁၀၀) လားရှိုးမြို့က အရိုးအထူးကု ပါရဂူတစ်ဦးက ပြောကြားသည့် တိုက်ပွဲကာလအတွေ့အကြုံ ရုပ်သံမှတ်တမ်းကိုလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၃ရက်မတိုင်မီ တိုက်ပွဲများ တောက်လျှောက်ဖြစ်နေသော်လည်း ဆေးရုံကို ထိခိုက်မှုမရှိခဲ့ကြောင်း မိသားစုလုံခြုံရေးအရ အမည်မဖော်ပြသည့် စစ်ဆေးရုံမှ အရိုးအထူးကု ပါရဂူက ပြောသည်။

” ဆေးရုံမှာ ဒဏ်ရာရတဲ့သူတွေမရှိခဲ့ပါဘူး။ ဆေးရုံပရဝဏ်အတွင်းမှာပေါ့။ ၃ရက်နေ့မှာတော့ ခွဲစိတ်ဆောင်အခြမ်းမှာ ဗုံးတစ်လုံးကျရောက်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ဒဏ်ရာရပြီးသားသူတွေအပါအဝင် မှီခိုသူ မိသားစုတွေ သားသမီးတွေ အကုန်လုံး လန့်ဖြန့်ပြီးတော့မှ ၀ရုန်းသုန်းကားဖြစ်ကုန်ပါတယ်”ဟု အရိုးအထူးကု ပါရဂူက ပြောသည်။

အဆိုပါ အခြေအနေအထိ ဆရာဝန်များ ၊ သူနာပြုများကဝိုင်းဝန်းပြီး နောက်ဆုံးအခြေအနေအထိ လူနားများအား ကုသမှု ဆက်ပေးခဲ့သည်ဟု ဆိုသည်။

“!အဲဒီ မတိုင်ခင်မှာလည်း ကျနော်တို့က ဒီဆေးရုံကို အဖက်ဖက်က အကာအကွယ်ရအောင်ဆိုပြီးတော့မှ ကြက်ခြေနီ တံဆိပ်တွေ အခြားအဖက်ဖက်ပေါ့ ညှိနှိုင်းမှုတွေလုပ်ဖို့ အများကြီးကို ဆောင်ရွက်ခဲ့ပါတယ်။ လူနာတွေကို မထိခိုက်အောင်ပေါ့။ ဒါပေမဲ့ ကံမကောင်းစွာပဲ ၃ရက်နေ့မှာ ထိခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာရတဲ့သူတွေကို ဆက်ပြီး ကုသနေစဉ်အတွင်းမှာပဲ ညနေ ၅နာရီခွဲလောက်မှာ ကျနော်တို့နဲ့ ဒီဆေးရုံ ပရဝဏ်အတွင်း MNDAA တပ်ဖွဲ့ဝင်တွေနဲ့ ကျနော်တို့ ဝင်ရောက်တွေ့ရှိခဲ့ပါတယ်”ဟု အဆိုပါ ပါရဂူက ပြောသည်။

ထို့နောက် ဆရာဝန်၊ သူနာပြုများနှင့် လူနာများကို MNDAA တပ်ဖွဲ့ဝင်များက ဆေးရုံမှ ခေါ်ထုတ်ခဲ့သည်ဟု ဆိုသည်။

“ကျနော်ကိုယ်တိုင် လည်း လူနာတွေကို ထမ်းခေါ်ခဲ့ရတာရှိပါတယ်။ ခေါ်ထုတ်ပြီးတော့မှ ကျနော်တို့ကို သက်ဆိုင်ရာ ကားတွေနဲ့ပေါ့နော်။ အရင်ဆုံးလူနာတွေကို ဦးစားပေးပါတယ်။ ဦးစားပေးပြီးကားတွေနဲ့ အရင်သယ်ပါတယ်။ ထို့နောက် မိသားစုတွေ ဆရာဝန်တွေ ဝန်ထမ်းတွေကို ကားတွေနဲ့ သယ်ပြီးတော့မှ ကျနော်တို့ကို နီးစပ်ရာဌာနတစ်ခုမှာ ထားရှိပါတယ်။ ကျနော်တို့ ဆေးဝန်ထမ်းတွေကိုလည်း သီးသန့်ထားရှိပါတယ်။ လူနာတွေလည်း သီးသန့်ထားရှိပါတယ်။ အဲဒီမှာမှ အရေးကြီးတဲ့ လူနာ အသက်အန္တရာယ် ရှိတဲ့လူနာတွေဆို ဦးစားပေး ရွှေ့ပြောင်းမှု လုပ်ပေးပါတယ်။ အဲဒီဌာနမှာပဲ ကျနော်တို့နဲ့အတူ MNDAA တပ်မတော်မှာ ရှိတဲ့ ဆရာဝန် သူနာပြုတွေနဲ့ ပူးပေါင်းပြီးတော့မှ ကျနော်တို့ ထားရှိတဲ့သူတွေထဲက ဒဏ်ရာရနေတဲ့သူတွေ အနာဆေးထည့်ဖို့လိုတဲ့သူတွေ ဆေးဝါးကုသမှု ခံယူဖို့လိုတဲ့သူတွေ ကိုယ်ဝန်ဆောင်တွေ အများကြီးပေါ့ဗျာ အဲဒါတွေကို ဆက်လက်ပြီး ကုသမှုတွေလုပ်ခဲ့ပါတယ် ပူးပေါင်းပြီးတော့မှ”ဟု လားရှိုးစစ်ဆေးရုံမှ ပါရဂူက ပြောသည်။

တောင်းဆိုသည့် ဆေးဝါးများကို MNDAAက ဆက်လက်ထောက်ပံ့ပေးခဲ့၊ မိသားစုဝင်များကိုလည်း လိုက်အပ်သည့် ထောက်ပံ့မှု ပေးခဲ့သည်ဟုဆိုသည်။

“ဒီလို စစ်ပွဲကာလတစ်ခုအတွင်းမှာ ၊ ကျနော် ဆရာဝန်တစ်ယောက်ပေါ့ဗျာ။ ကျနော့်အတွက်က အရေးကြီးဆုံးက လူနာတွေရဲ့ အသက်ရှင် ကျန်းမာရေးက အရေးကြီးဆုံးပါပဲ ဘယ်နေရာရောက်ရောက်ပေါ့။ အဲဒီလို ကာလကြီးတစ်ခုအတွင်းမှာ ကျနော်တို့ မိသားစုဝင်တွေနဲ့ ဒီစစ်သားတွေ၊ ဒဏ်ရာရ လူတွေကို သနားညှာတာပြီးတော့ ထောက်ထားပေးခဲ့တဲ့အတွက် ဒါ ကျနော် မမျှော်လင့်ခဲ့တဲ့ အရာတစ်ခုပေါ့။ ဒီ MNDAA တပ်မတော်ကို အရမ်းကျေးဇူးတင်ပါတယ်။”ဟုလည်း လားရှိုးစစ်ဆေးရုံမှ အရိုးအထူးကု ပါရဂူက ပြောသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကမူ လားရှိုးစစ်ဆေးရုံကို MNDAAက Drop Bomb များအဆက်မပြတ် ကြဲချပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ လူနာများနှင့်ကျန်းမာရေးဝန်ထမ်းများကို ပစ်ခတ် သတ်ဖြတ်ခြင်း၊ အမျိုးသမီးများ မိသားစုဝင်များ၊ ကလေး ငယ်နှင့်လူနာများကို ဖမ်းခေါ်ခြင်းလုပ်ဆောင်ခဲ့ကြောင်း ၎င်း၏ ဝါဒဖြန့် မိန်းခွန်း၌ ပြောဆိုခဲ့သည်။

ဆက်စပ်သတင်းများ

Facebook