Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးကို စစ်ကောင်စီ လေကြောင်းထပ်မံတိုက်ခိုက် ၍ ပြည်သူတစ်ဦးသေဆုံး၊စာသင်ကျောင်းနှင့် ပုဂ္ဂလိကဆေးရုံ ပျက်စီး

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ကို စစ်ကောင်စီက လေကြောင်းထပ်မံတိုက်ခိုက်ခဲ့၍ ပြည်သူတစ်ဦးသေဆုံးကာ စာသင်ကျောင်းနှင့်ပုဂ္ဂလိက ဆေးရုံပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ကံတောင်ရွာနှင့် နွယ်ရုံရွာရှိနေအိမ်များ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - MDY PDF

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ကို စစ်ကောင်စီက လေကြောင်းထပ်မံတိုက်ခိုက်ခဲ့၍ ပြည်သူတစ်ဦးသေဆုံးကာ စာသင်ကျောင်းနှင့်ပုဂ္ဂလိက ဆေးရုံပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(သြဂုတ် ၅ရက်)ညနေပိုင်းက စဥ့်ကူးမြို့နယ်အတွင်း လေကြောင်းမှတိုက်ခိုက်ခဲ့ပြီးနောက် ယနေ့(သြဂုတ် ၆ရက်)နံနက် ၂နာရီခွဲခန့်တွင် လက်ပန်လှကျေးရွာအား လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဗုံးကြဲ တိုက်ခိုက်မှုကြောင့် လက်ပန်လှကျေးရွာ

ငြိမ်းချမ်းအောင်ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲကာ အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက် ဒဏ်ရာရရှိကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ ညနေပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် လက်ပန်လှရွာ၊ ပြည်စိုးအောင်ရပ်ကွက်ရှိ စာသင်ကျောင်း(မူလတန်းကျောင်းခွဲ)၊သစ္စာပုဂ္ဂလိကဆေးရုံနှင့် စျေးဆိုင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ၎င်းက ပြောသည်။

“တချို့က တိုက်ပွဲစဖြစ်ကတည်းက မန္တလေးအထိ သွားရှောင်ပြီးသား။ အေးပြီဆိုပြီး ပြန်လာနေတဲ့အချိန် လေကြောင်းလာတိုက်လို့ ထိတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ရွှေဘိုမြို့နယ် ကျောက်မြောင်း အမှတ်(၁၂)ခြေမြန်တပ်ရင်းမှလည်း ၁၂ဝမမ လက်နက်ကြီးများ ပစ်ခက်ခဲ့ရာ လက်နက်ကြီး ၄လုံး ကျရောက်ပေါက်ကွဲကြောင်း သိရသည်။

သြဂုတ် ၄ ရက်ကလည်း စဥ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာနှင့် နွယ်ရုံကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦး အပါအဝင် ပြည်သူ ၁၃ဦး သေဆုံးကာ ၂၀ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် စဉ့်ကူးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ပိတ်ပင်ထားသော အတွဲလိုက်ဗုံးသီး(Cluster Bombs)များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် အပြစ်မဲ့ ပြည်သူများ အစုလိုက်၊ အပြုံလိုက် သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မန္တလေး PDF က အသိပေးသည်။

စစ်ရှုံး စစ်ကောင်စီသည် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းမှာ စစ်တပ်တစ်တပ်အနေဖြင့် ဂုဏ်သိက္ခာအကင်းမဲ့ဆုံး လုပ်ရပ်ဖြစ်ပြီး ကြီးမားသော စစ်ရာဇဝတ်မှုဖြစ်ကြောင်း မန္တလေး PDFက သတိပေးထားသည်။

စဥ့်ကူးမြို့အပါအဝင် မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများအား မန္တလေး PDFနှင့် ပူးပေါင်းတပ်များက ဇူလိုင် ၁၇ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ