ကျော်ဇော/People’s Spring
ကျွန်းစုမြို့နယ်ဘက်မှ တနင်္သာရီမြို့နယ်အ တွင်း စစ်ကြောင်းထိုးဝင်ရောက်လျှက်ရှိသောစစ်ကောင်စီတပ်စစ်ကြောင်းကို နှစ်ပါတ်ကျော်အတွင်း ၁၁ ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်စစ်ကြောင်းမှစစ်သားနှင့် ပျူစောထီး ၅၀ ကျော်သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင် ပြည်သူ့ကာကွယ် ရေးပူးပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ကစပြီး ကျွန်းစုနယ်ဂျိူးတောင်ရွာမှတဆင့် တနင်္သာရီမြို့နယ်လယ်သစ်ရွာသို့အင်အား၂၀၀ ခန့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီနှင့် ပျူစောထီးတပ်များကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူး ပေါင်းစစ်ကြောင်း(၂)မှ သြဂုတ် ၄ ရက်အထိထိတွေ့ပစ်ခတ်မှုပေါင်း(၁၁)ကြိမ် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ နှစ်ဖက်တိုက်ပွဲများတွင် စစ်ကောင်စီတပ် ဗိုလ်ကြီးတစ်ဦးအပါအဝင်(၅၂)ဦးသေ ဆုံးပြီး (၁၁)ဦး အပြင်းအထန်ဒဏ်ရာရ၍စု စုပေါင်း(၆၃)ဦးထိခိုက်သေဆုံးခဲ့ကြောင်း မြိတ်ခရိုင် စစ်ကြောင်း(၂)က အသိပေးသည်။
ယင်းတိုက်ခိုက်မှုများအနက် သြဂုတ် ၂ ရက်နေ့လယ် ၁ နာရီဝန်းကျင်တွင် လယ်သစ်ရွာအ ရှေ့နှင့်အနောက်ဘက်ရှိ စစ်ကောင်စီပူးပေါင်းတပ်များကို တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။
ထို့အပြင် ယင်းနေ့ညနေ ၃ နာရီခွဲခန့်၌ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးသေဆုံးပြီး ပစ်ခတ်ချိန် မိနစ် ၄၀ ခန့်ကြာမြင့်ကြောင်း မြိတ် စစ်ကြောင်း(၂)က ပြောသည်။
ပစ်ခတ်တိုက်ခိုက်ခဲရပြီးနောက် ယင်းနေ့(သြဂုတ် ၂ ရက်)ညနေ ၆ နာရီခန့်တွင် လယ်သစ်ရွာအနောက်ပိုင်းရှိ ပြည်သူ့နေအိမ်လေးလုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။
အလားတူ ဩဂုတ် ၃ ရက်နေ့တွင် စစ်ကောင်စီတပ်များ လယ်သစ်အနောက်၊ ဘုန်း ကြီးကျောင်း၌ တပ်စွဲကာ နေအိမ်များကို ထု ရိုက်၊ ဖျက်ဆီး၍ ဝင်ရောက်ခဲ့ပြီး ယင်းနေ့နေ့လယ် ၁ နာရီတွင် စစ်ကောင်စီတပ်သားများနေရာယူထားသော ခနှောင်းကြီးတောင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ရွာသစ်ရွာသို့ စစ်ကြောင်းထိုးစဥ် သြဂုတ် ၁ ရက် နှင့် ၂ ရက်နေ့များ၌ ဝါးရစ်ရွာ၊ စန်းသစ်ရွာနှင့် သထာရွာများမှ လှေကြီးလှေငယ်များကို ရေကြောင်းအသုံးပြုခွင့်မပေးဘဲ တားမြစ်ပိတ်ပင်ထားခဲ့ကြောင်း သိရသည်။
ထို့အပြင် သပြေပင်ရွာမှ ဘုန်းကြီးတစ်ပါးနှင့် သထာရွာမှ ဒေသခံအမျိုးသားနှစ်ဦးကို ဖမ်း ဆီးခဲ့ရာ ဘုန်းတော်ကြီးတစ်ပါးအား ပြန်လွှတ်ပေးခဲ့သော်လည်း ပြည်သူနှစ်ဦးကို ဆက်လက်ဖမ်းဆီးသွားကြောင်း မြိတ်ခရိုင် စစ်ကြောင်း(၂)က အသိပေးသည်။
“ဒီနေ့ (သြဂုတ် ၅)မှာတော့ စကစ တွေ ပြန်ဆုတ်နေကြပြီ။ အဓိကကတော့ သူတို့လူတွေ(ပျူစောထီးများ)အားကောင်းတဲ့ရွာတွေကို ပြန်ဆုတ်နေတယ်”ဟု မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း(၂) မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြော သည်။
အထိနာသွားသော စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့သည် သြဂုတ် ၅ ရက်တွင် ရွာသစ်ရွာမှထွက်ကာ သထာရွာမှတဆင့် ပျူစောထီးအင်အားကောင်းသည့် ကျေးရွာများဘက်သို့ နောက် ပြန်ဆုတ်သွားကြောင်း သိရသည်။
ထိတွေ့တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ် ရေးပူးပေါင်းစစ်ကြောင်း(၂)မှ ရဲဘော်တစ်ဦးဒဏ်ရာရ(မစိုးရိမ်ရ)နှင့် အရပ်သားဥယာဉ်ခြံစောင့်တစ်ဦးသေဆုံးခဲ့ကြောင်း စစ်ကြောင်း (၂)က အသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းတိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့ရာ ဇူလိုင် ၃၀ ရက်နေ့က ရွာသစ်အရှေ့နှင့် အ နောက်ရွာများကိုစစ်ကောင်စီက Mi 2 အမျိုးအစားရဟတ်ယာဥ်သုံး၍ ဗုံးကြဲခဲ့သေးသည်။