ဇေအောင်/People’s Spring
မန္တလေးတက္ကသိုလ်၌ စစ်ကောင်စီ၏ မန္တလေးတိုင်းဝန်ကြီးချုပ်မျိုးအောင်နှင့် ပညာရေးဝန်ကြီးလာရောက်မည်သတင်းရ၍ အမျိုးသမီး PDF များက ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း(၁၅)၏ တာဝန်ရှိသူက ပြောသည်။
ယနေ့(သြဂုတ်၆ရက်) နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတက္ကသိုလ်ရှိ UTC တက္ကသိုလ် လေ့ကျင့်ရေးတပ် အနီးဝန်းကျင်တွင် တစ်လုံး၊ အရံတပ်ရင်းအနီးတွင်တစ်လုံး တိုက်မိုင်းနှစ်လုံးဖြင့် တပြိုင်နက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း(၁၅)မှ ပြောရေးဆိုခွင့်ရှိသူ ကိုစောဂျွန်က ပြောသည်။
စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက အထက်မြန်မာပြည် ကျောင်းပေါင်းစုံစာဖတ်စွမ်းရည်ပြိုင်ပွဲကို မန္တလေးတက္ကသိုလ်တွင် ကျင်းပရာ စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်မျိုးအောင်နှင့် ပညာရေးဝန်ကြီးတို့ တက်ရောက်မည်ဟု သတင်းရသောကြောင့် ရွှေဘိုခရိုင်တပ်ရင်း၁၅လက်အောက်ခံ CM-SRDF လက်ရွေးစင်အမျိုးသမီးရဲဘော်များက တက္ကသိုလ်အတွင်းဝင်ရောက်ပြီး တိုက်မိုင်းဖြင့် တပြိုင်နက် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း(၁၅)က အသိပေးသည်။
“နှစ်နေရာပါ နီးပါတယ်။ UTC တက္ကသိုလ်အရံတပ်ရင်းနဲ့ ဘွဲ့နှင်းသဘင် ညာဘက်နောက် စစ်ကောင်စီတပ်သားတွေတပ်ဖြန့်လုံခြုံရေးယူတဲ့နေရာပါ။ ထိခိုက်ကျဆုံးရှိမှာပါ။ ကြိုတင်သတင်းအရ သူတို့နေရာယူလေ့ရှိတဲ့ နေရာကို ထောင်ထားတာပါ”ဟု ရွှေဘိုခရိုင်တပ်ရင်း(၁၅)မှ ပြောရေးဆိုခွင့်ရှိသူ ကိုစောဂျွန်က ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ရေးပစ်မှတ်ဖြစ်သော စစ်ကောင်စီ၏ ဝန်ကြီးများနှင့် အစောင့်စစ်သားများကို အဓိကထားတိုက်ခိုက်ခဲ့ပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများအား မထိခိုက်စေရန် ဂရုစိုက်၍ စစ်ရေးဖော်ဆောင်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း(၁၅)က ထပ်မံအသိပေးသည်။
“လူကြီးရဲ့ လူခြုံရေးယူတဲ့ထဲပါမယ့် ဖရဲသီး သတင်းအရ ဝန်ကြီးတွေတက်မှာသိရတော့ မစ်ရှင်ဖော်ဖို့ လက်ရွေးစင်ရဲမေတွေရွေးချယ်လွှတ်ခဲ့တာပါ။ အမျိုးသမီးရဲမေတွေကလဲ အမျိုးသားရဲဘော်များနည်းတူ တန်းတူစွမ်းဆောင်နိုင်ကြပါတယ်”ဟု ရွှေဘိုခရိုင်တပ်ရင်း(၁၅)မှ ပြောရေးဆိုခွင့်ရှိသူ ကိုစောဂျွန်က ပြောသည်။
ဗုံးကွဲပြီးနောက် (၇၃)လမ်းနှင့် (၃၅)လမ်းဘက်မှ စစ်ကားများ ချက်ချင်းရောက်ရှိလာကြောင်း Voice Of MDYအဖွဲ့က အသိပေးသည်။
အဆိုပါ စစ်ဆင်ရေးကို ရွှေဘိုခရိုင်တပ်ရင်း(၁၅)၊ Eagle Guerilla Force (ဗိုလ်ကောက်ရိုး)၊
Civilian Military Sagaing Region Defense Force၏ လက်ရွေးစင်အမျိုးသမီး ရဲဘော်များက သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ရွှေဘိုခရိုင် တပ်ရင်း (၁၅)သည် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)၊ ရှမ်းမန်းစစ်ဆင်ရေး၌ မန္တလေးPDF နှင့်အတူ မြို့သိမ်းတိုက်ပွဲများ၌ ပါဝင်ဆင်နွှဲနေသည်။
ယနေ့နံနက်ပိုင်းကပင် မန္တလေးမြို့ နန်းတွင်းအနီး အောင်မြေသာစံမြို့ နယ်၊ မေဃဂီရိရပ်ကွက်၊ (၁၈)လမ်းနှင့် (၈၂)လမ်းထောင့်တွင် မေဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြိုးသန္တာအောင်နှင့် ၎င်း၏ညီမဖြစ်သူ ခင်ဖုန်းဆုတို့နှစ်ဦး စျေးဝယ်နေစဥ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးသည်။