ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီတပ်အထိုင်စခန်းသို့ ရိက္ခာလာပို့သည့်ယာဥ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁(PPDF)မှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ပေါင်းတည်နယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပုတ်တာဝါတိုင်အထိုင်စခန်းသို့ စစ်ကောင်စီတပ် သား (၁၅)ဦးဖြင့်ရိက္ခာလာပို့သောကားကို ယနေ့(သြဂုတ် ၆ ရက်)နံနက် ၆ နာရီခန့်တွင်သစ်ပုတ်ရွာအနောက်ဘက်မြေနီလမ်းမပေါ်၌ တပ်ရင်း ၃၆၀၁(PPDF)၊ တပ်ခွဲ(၁)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မိုက်ဆွဲပြီးချိန်တွင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်ချိန် မိနစ် ၂၀ ခန့်ဖြစ်ပွားပြီး ချောဆွဲခံထားရသော ရိက္ခာပို့ယာဥ်မှာ ပစ္စည်းများချ၍ နောက် ကြောင်းပြန်မောင်းပြေးသွားကြောင်း တပ် ရင်း ၃၆၀၁ ထံမှ သိရသည်။
“ကားက အခွံကြီးပဲ ပြန်ဆင်းသွားတာ။ စကစ တွေကတော့ အဲဒီအနားကျန်ခဲ့တယ်။ ပြီးကာမှ ရိက္ခာတွေကို အဲဒီအနားအနားရွာတွေက လှည်းတွေနဲ့ ပြန်သယ်တယ်လို့ သိရတယ်”ဟု ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
လက်နက်ငယ်များဖြင့်ပစ်ခတ်ရာတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုအပြင်သြဂုတ် ၃ ရက်နံနက် ၅ နာရီကျော်ကလည်း ဖြူးမြို့နယ်(ပကဖ)Drone အဖွဲ့က ညောင်ပင်သာမြို့ အရှေ့ဘက်မြို့မ ၃ လမ်းနှင့်မြို့မ ၂ လမ်းအဆုံးရှိ ရွာလယ်ဘုန်းကြီးကျောင်းတွင် စခန်းချနေသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာနှစ်ဦးဒဏ်ရာရကြောင်း ဖြူးမြို့နယ်(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဗုံးကြဲခံရ၍ ထိုက်ခိုက်သွားသော စစ်ကောင်စီတပ်သားနှစ်ဦးတွင် တစ်ဦးမှာ ပေါင်ထိမှန်ပြီး ကျန်တစ်ဦးမှာ ဗုံးဆထိမှန်၍ သွားများကျွတ်ထွက်သွားကြောင်း တပ်တွင်းသတင်းရင်းမြစ်ကိုကိုးကားပြီးပြောသည်။
“ကျောင်းထဲရောက်နေတာ မကြာသေးပါဘူး။ညောင်ပင်သာမြို့ ရဲစခန်းကို Drone ချပြီးမှ အင်အား ဖြည့်တင်းပြီး လာထိုင်တာပါ”ဟု စစ်ကောင်စီတပ်အထိုင်ချနေရာနှင့်စပ်လျဥ်းပြီး ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။
အလားတူ သြဂုတ် ၃ ရက် နံနက် ၁ နာရီ ၅၃ မိနစ်နှင့် ၂ နာရီ ၃၂ မိနစ်ခန့်တို့တွင် အထက်ပါ ညောင်ပင်သာမြို့ စစ်ကောင်စီတပ်အထိုင်ချနေရာအား ဒုတိယအကြိမ် သွားရောက်၍ ဗုံးကြဲတိုက် ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ဖြူး(ပကဖ)က အသိပေးသည်။
“ကျောင်းဝင်းက ကျယ်ပါတယ်။ ဘုန်းကြီးက လက်မခံပါဘူး။ သူတို့က ဇွတ်နေတော့ ဘုန်း ကြီးတွေလည်း ပြောင်းကုန်ပါပြီ။ တိုက်ခိုက်မှုလုပ်တာက ပထမအကြိမ် ၂ လုံး။ဒုတိယ ၂ လုံး၊ ပေါင်း ၄ လုံးပါ”ဟု ဗုံးကြဲတိုက်ခိုက်မှုအခြေအနေကို ပကဖ တာဝန်ရှိသူက ရှင်းပြသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှလည်း Drone ဖြင့်ပြန်လည်တိုက်ခိုက်ရာ ညောင်ပင်သာမြို့ အရှေ့ဘက် အုန်းပင်စုကျေးရွာနားသို့ကျရောက်ပြီး လက်နင်ကြီးများဖြင့်လည်း ညောင်ပင်သာမြို့အထွက်နှင့်အင်ပင်သာရွာများဘက်သို့ ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
သြဂုတ် ၁ ရက်နေ့ကလည်း ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အရှေ့ဘက်၊ ကွင်းဝိုင်းရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်သားများ လင်းယောခင်ရွာဘက်သို့ထွက်လာစဥ် ဖြူး(ပကဖ)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားလေးဦးနှင့် မိုင်းရှာခွေးတစ်ကောင် သေဆုံးခဲ့သေးသည်။
ထို့အပြင် ဇူလိုင်လကလည်း ပေါင်တည်မြို့နယ်၊သစ်ပုတ်ရွာတာဝါတိုင်အထိုင်စခန်းမှ ဟင်းစားရှာထွက်လာသော စစ်ကောင်စီတပ်သားငါးဦးကို တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၁)မိုင်းကွင်းစောင့်ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့သေးသည်။